မြိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်ဆိုင် (၃၂)ဆိုင်တွင် ဆန်များရောင်းချပေး

မြိတ် ဇူလိုင် ၂

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ဆန်ကုန်သည်အသင်းတို့၏ စီမံမှုနှင့် မြိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဇူလိုင် ၁ ရက် နံနက်ပိုင်းမှစတင်ကာ သက်သာသောစျေးနှုန်းဖြင့် ဆန်ဆိုင် (၃၂)ဆိုင်တွင် ဗီနိုင်းကပ်ပြီး ဆန်များရောင်းချပေးလျက်ရှိကြောင်း မြိတ်ဆန်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မြိတ်မြို့နယ်အတွင်းရှိ မြိတ်မြို့မှ ကျွဲကူး၊ ကျောက်ဖျာကျေးရွာအထိ ဆန်လက်ကား ဆန်ဆိုင်အားလုံးပေါင်း (၃၂)ဆိုင်တို့တွင် ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းမှစတင်ကာ တစ်ပတ်လျှင် (၅)ရက်တိုင်တိုင် သက်သာသောစျေးနှုန်းဖြင့် မြိတ်ဆန်ကုန်အသင်း၏ အစီစဉ်ဖြင့် ပြည်ချင်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

 

“ယခုရောင်းပေးနေတာက (ဧည့်မထ) ဇီယာဆန် တစ်ပြည်ကို ၃၄၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးနေတာပါ။ အပြင်မှာ လက်လီတစ်ပြည်ကို ၄၀၀၀ ကျပ်နဲ့ ရောင်းနေတဲ့ဆန်ကို ဆန်လက်ကားရောင်တဲ့ ဆန်ဆိုင်အားလုံးကို ပြည်ချင်ရောင်းပြီး သက်တဲ့စျေးနဲ့ ရောင်းချပေးတာပါ။ အဲဒီလိုရောင်းချပေးတဲ့အတွက် အခြေခံလူတန်းစားတွေမှာ ဆန်တစ်ပြည်မှာ ၆၀၀ ကျပ်လောက် သက်သာတဲ့အတွက် ဆန်တစ်ပြည်မှ ကြက်ဥ ၂ လုံး ပိုဝယ်လာနိုင်တဲ့ သဘောပေါ့။ တကယ်တော့ ကျွန်တော်တို့တိုင်းက ဆန်စပါးဖူလုံမှုမရှိပါဘူး။ အခြားဒေသမှ ဝယ်ယူတင်သွင်းနေရတာပါ။ နိုင်ငံတော်မှ လက်ရှိချမှတ်ထားတဲ့မူနဲ့ကိုလည်း ကျွန်တော်တို့ မြိတ်ဆန်ကုန်သည်တွေက ပူးပေါင်းပါဝင်တဲ့သဘောပါ။ တစ်နိုင်ငံလုံး တစ်ပြေးညီပါဝင်တဲ့သဘောပါ” ဟု မြိတ်ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။

 

ထိုသို့ သက်သာသောစျေးဖြင့် ဒေသခံပြည်သူများအား ဆန်များရောင်းချပေးခြင်းကို တစ်ပတ်လျှင် ၅ ရက်တိုင်တိုင် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ခန့်မှန်း ၃ လကြာကာလအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဆန်အရောင်းဆိုင်အားလုံးအတွက်ကိုလည်း ထပ်မံတိုးပြီး ရောင်းချဖို့ စည်ရုံးလျက်ရှိပါတယ်။ ရပ်ကွက်တိုင်းမှာလည်း ဝယ်ယူနိုင်ခြင်းအားဖြင့် ဝယ်ယူစားသုံးသူများမှ တန်းစီတိုးခြင်း၊ သွားလာရကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ခံစားနိုင်မှာပါ။ ဆန်ဝယ်ယူနေရတဲ့ဒေသတွေမှာလည်း ရည်ညွှန်းစျေးနှင့် ဝယ်ယူလာနိုင်ပါက ယခုထက် စျေးလျှော့ချ ရောင်းချနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးမောင်ထွေးက ဆက်ပြောသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်စပါးမဖူလုံသောကြောင့် လစဉ် တခြားတိုင်းဒေသကြီးများမှ ဆန်စပါးတင်သွင်းနေရကြောင်း သိရသည်။ ဆန်စပါးအထွက်တိုးရန် ကြိုးစားဆောင်ရွက်နေရပြီး လက်ရှိအနေထားတွင် တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့အတွက် လစဉ် ဆန်အိတ် (၆)သောင်းမှ (၈)သောင်းအထိ တင်သွင်းနေရကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)