မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ၌ တောင်သူများ နှမ်းစမ်းသပ်စိုက်ပျိုး

မြိတ် ဇန်နဝါရီ ၂၅

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံတောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် လယ်ယာမြေများ၌ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းသီးနှံအဖြစ် နှမ်းများကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ဆောင်းသီးနှံအဖြစ် နှမ်းစိုက်ပျိုးရာ၌ မြေကို ထွန်ယက်စိုက်ပျိုးရသည့်အတွက် နောက်နှစ် စပါးစိုက်ရာသီတွင် မြေချဉ်၊ မြေငန်ပျောက်ခြင်း၊ မြေတွင်းခိုအောင်းနေသည့် ရောဂါပိုးမွှားများ သေစေပျက်စီးခြင်း၊ မြေသြဇာထက်သန်ကောင်းမွန်ခြင်း၊ လပ်နေသောမြေပေါ်တွင် စိုက်ပျိုးခြင်းကြောင့် အကျိုးဖြစ်ထွန်းစေသည့်အပြင် စိုက်ခင်းမှထွက်ရှိလာသည့် နှမ်းများကို ဆီကြိတ်ခြင်းဖြင့် ဒေသအတွင်း လိုအပ်လျက်ရှိသော စားသုံးဆီကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေနိုင်ခြင်းနှင့် နှမ်းစိုက်တောင်သူများအနေဖြင့် ထွက်ရှိလာသော နှမ်းဆီများကို ကိုယ့်ဒေသအတွင်းတွင် အလွယ်တကူ ရောင်းချနိုင်ပြီး တောင်သူများ အပိုဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“အရင်နှစ်တွေက မြိတ်ဒေသမှာ နှမ်းကိုစိုက်ပျိုးခြင်းမရှိပါဘူး၊ ယခုနှစ်မှာတော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆင်းရတနာ ၁၄ နှမ်းမျိုးကို ဒေသခံတောင်သူတွေကို မိုးစပါးရိတ်သိမ်းပြီးချိန်မှာ စိုက်ပျိုးဖို့အတွက် နှမ်းမျိုးတွေကို အခမဲ့ပေးတဲ့အပြင် စိုက်ပျိုးနည်းစနစ်တွေကိုလည်း သင်တန်းများဖွင့်လှစ်ပို့ချပေးပါတယ်။ ဒါကြောင့် ယခုလိုစမ်းသပ်စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာ အောင်မြင်ဖြစ်ထွန်းမယ်ဆိုရင် နောင်နှစ်တွေမှာ တောင်သူအများစု စိုက်ပျိုးလာနိုင်ပါတယ်။ ယခုထွက်ရှိလာမဲ့ နှမ်းခင်းမှနှမ်းများကို ဆီကြိတ်ပြီး မိသားစုစားသုံးရတဲ့အတွက် ကုန်ကျမှုသက်သာတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ပိုလျှံတဲ့ဆီတွေကို ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများလည်း ရရှိလာနိုင်တာကြောင့် တောင်သူတွေ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်" ဟု ကလင်းဘန်းကျေးရွာမှ တောင်သူ ဦးငွေလွယ်က ပြောသည်။

 

မြိတ်ဒေသတွင်းတွင် စားသုံးနေသော ဆီများမှာ စားအုန်းဆီများကို အများဆုံးစားသုံးနေပြီး ပြည်ပမှ ဝယ်ယူတင်သွင်း စားသုံးနေရသည့်အတွက် ယင်းစားအုန်းဆီများကို ရေရှည်စားသုံးခြင်းအားဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ဌာနက တောင်သူတွေကို မိုးစပါးရိတ်သိမ်းပြီးမှာ လှပ်နေတဲ့ လယ်ယာမြေမှာ နှမ်းစိုက်ပျိုးဖို့ တောင်သူတွေကို ပထမဆုံး စိုက်ပျိုးနည်းစနစ်တွေကို သင်တန်းပို့ချပေးပါတယ်။ နှမ်းစိုက်ပျိုးမဲ့တောင်သူတွေကို အခမဲ့ဆင်းရတနာ ၁၄ နှမ်းမျိုး အခမဲ့ ဌာနထုတ်ပေးပြီး စမ်းသပ်စိုက်ပျိုးစေပါတယ်။ ဒီလိုစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးဆီ လိုအပ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေခြင်းနဲ့ မြေယာပြုပြင်ခြင်းလုပ်ငန်းများ ပြီးစေပါတယ်” ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးလွင်က ပြောသည်။

 

မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ယင်းလယ်ယာမြေများတွင် နှမ်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးပြီး ထွက်ရှိလာသော နှမ်းများကို ဆီကြိတ်၍ ရောင်းချခြင်းအားဖြင့် တောင်သူများ အပိုဝင်ငွေများရရှိလာနိုင်ခြင်း၊ နှမ်းဆီစားသုံးခြင်းအားဖြင့် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ကာ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်ကျန်းမာစွာ စိုက်ပျိုးရေးလုပ်ငန်းများကို ရေရှည်လုပ်ကိုင်နိုင်သဖြင့် နိုင်ငံတော်၏ ဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြိတ်မြို့နယ်တွင် နှမ်းစမ်းသပ်စိုက်ပျိုးနေသော ကျေးရွာများမှာ ကလင်းဘန်း၊ ကျွဲကူး၊ ဝန်မယ်၊ ပင်းအို၊ သကန် စသည့်ကျေးရွာ ၅ ရွာရှိ လယ်ယာမြေ(၂၅)ဧကကို တောင်သူများ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မြင့်ဦး(မြိတ်)