မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိရိုးဖလာဓနိပျား လုပ်ကိုင်သူများ လုပ်ခဈေးကြီးမြင့်ခြင်းနှင့် လောင်စာထင်း ရှားပါးမှုတို့ကြောင့် လုပ်ကိုင်သူနည်းပါး

မြိတ်  ၁၅ ဒီဇင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဓနိပင်အမြောက်အများ အလေ့ကျ ပေါက်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများက မိရိုးဖလာလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်လျက်ရှိသည့် ဓနိပင် မှ ထွက်ရှိသော အရည်ကို ကျိုချက်၍ ဒေသအခေါ် ဓနိပျား (ထန်းလျက်သကြား)အဖြစ် လုပ်ကိုင်သူ အများ အပြားရှိခဲ့သော်လည်း ယခုနှစ်တွင် ဓနိပျား လုပ်ကိုင်သူများမှာ လုပ်သားခဈေးကြီးမြင့်ခြင်း လောင်စာ အဖြစ်အသုံးပြုသည့် ထင်းများရှားပါးမှုတို့ကြောင့် လုပ်ကိုင်သူနည်းပါးလာကြောင်း တဉာက်ကျေးရွာနေ ဓနိပျား လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဓနိပျားလုပ်ငန်းသည် မြိတ်မြို့နယ်တွင် ဒေသအစားအစာတစ်ခုအဖြစ် စားသုံးသူများပြားသည့်အတွက် ဓနိပျား လုပ်ငန်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် မိရိုးဖလာ အသက်မွေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်သူ အများအပြား ရှိခဲ့သော်လည်း ယခုနှစ်တွင် ဓနိပင်မှ ထွက်ရှိသော အရည် ကို ကျိုချက်ရာတွင် လောင်စာအဖြစ်အသုံးပြုရသည့် ထင်း ရှားပါးလာခြင်းနှင့် အလုပ် သမားများကို ခေါ်ယူရန် လုပ်အားခကြီးမြင့်မှုတို့ကြောင့် လုပ်ကိုင်သူများ နည်းပါးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီ ဓနိပျားလုပ်ငန်းလုပ်ကိုင်တဲ့ ရွာက ခြောက်ရွာ ခုနှစ်ရွာ လောက်ပဲရှိတော့တယ်၊ ဓနိပျားကျိုတဲ့အခါ အဓိက ထင်းလိုတယ်၊ အရင်ကထင်းပေါတယ် ဝယ်ရင်လည်းဈေးနည်းတယ်၊ အခု ၅ နှစ်အတွင်းမှာ ထင်းက ပိုခက်ခဲလာတယ်၊ သရက်၊ ရော်ဘာစတဲ့ ရရာကို ထင်းအဖြစ်အသုံးပြုရတယ်၊ ထင်းဖိုးကလည်း စရိတ် တစ်ဝက်ရှိတယ်၊ မြို့ပေါ်မှာ ပျား ငါးဂါလံဝင်ပုံးတစ်ပုံးကို ငွေကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ ကျပ်အထိ ဈေးရှိတယ်၊ ဒီမှာကတော့ ပျားတစ်ပုံးကို ၁၄၀၀၀ ကျပ်ရတယ်၊ ဒီလုပ်ငန်းကမိသားစုလိုက် ကိုယ်တိုင်လုပ်မှ အကျိုးအမြတ် ရှိပါတယ်၊ ဒီနှစ်က ရာသီဥတုမကောင်းဘူး၊  ဒီလုပ်ငန်းက တန်ဆောင်မုန်းလဆန်းမှ ပြာသိုလ အထိ (၃)လ လုပ်ကိုင်ရတယ်။ သက်တမ်းက(၃)လလုပ်ရတယ်၊ ဒီလုပ်ငန်းက သက်သာတယ်ဆိုပေမယ့် အရမ်းပင်ပန်း ပါတယ်၊ သေချာဂရုစိုက်ပြီးလုပ်ရတယ်” ဟု တဉာက်အနောက်ကျေးရွာနေ ဓနိပျားလုပ်ကိုင်သူ ကိုဝင်းနိုင်က ပြောဆိုသည်။

 

ယင်း ဓနိပျားလုပ်ငန်းကို ကိုယ်ပိုင်ဓနိတောပိုင်ရှိသူများက တစ်ပိုင်တစ်နိုင် မိသားစုအသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်ကာ ဌားရမ်းလုပ်ကိုင်သူများအတွက် စရိတ်စခကြီးမြင့်မှုများခြင်း၊ အလုပ်သမားငှား ရမ်းခကြီးမြင့်ခြင်း၊ ဒေသခံအများစုတို့သည် မြို့ပေါ်သွားရောက်၍ အခြားလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်ခြင်း များကြောင့်လည်း အဆိုပါဓနိပျားလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာဒေသအများအပြားတွင် ဒီရေတောများ၌ အလေ့ကျပေါက်လျက်ရှိသော ဓနိပင်များသည် သဘာဝဘေးဒဏ်၊ မြစ်ကမ်းပါးပြိုကျမှု ဘေးတို့မှ အကာအကွယ်ရရှိသလို ကျေးလက်နေ ပြည်သူများအတွက် များစွာအကျိုးသက်ရောက်မှုရှိပြီး ဓနိပင်မှ ဓနိရွက်ကို အမိုးအကာအဖြစ်အသုံးပြု၍ ဓနိပင်မှ ထွက်ရှိသော အရည်မှ ဓနိရည်ချို၊ ဓနိရည်ခါးနှင့် ရှာလကာရည်အဖြစ် စားသုံးနိုင်ခြင်း၊ ဓနိအရည်ကိုကျိုကာ သောက်သုံးခြင်း၊ ဆောင်းရာသီအစတွင် ဓနိရည်နှင့် ကောက်ညှင်းတွဲဖက်စားသုံးခြင်းဖြင့် ကျန်းမာရေး အတွက် လည်း အထောက်အကူဖြစ်စေခြင်း၊ ဓနိအဖူးကိုစားလျှင် သွားနာသွားကိုက်ရောဂါ ပျောက်ကင်းသကဲ့သို့ ဓနိအပင်မှ အဖူးကိုလှီး၍ အခြောက်လှမ်းကာ ကျိုသောက်လျှင် သွားဖုံးရောဂါသက်သာစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေသည့်အပြင် အဖုအကျိတ်များကိုလည်း ပျောက်ကင်းသက်သာစေကြောင်း ဒေသခံများထံမှ သိရသည်။ 

 

မြင့်ဦး(မြိတ်)