မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၅ ရက်

 

မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၃ ရက် ည ၉ နာရီတွင် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ အဏ္ဏဝါကွက်သစ် လမ်းထိပ်တွင် စည်သူဟန် (ခ) စည်သူ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၉ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်ကျေးရွာ၊ အောင်သုခလမ်း၌ မောင်သန်း (ခ) သန်းဝေအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ နှင့်အတူ လည်းကောင်း၊ အလားတူ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ၊ မြိတ် - တနင်္သာရီသွား ကားလမ်းတွင် အောင်ဇော်ထွေး (ခ) နောင်လုံး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်