မြိတ်မြို့နယ်တွင် မဇောပြင်ကြီးကျေးရွာအား မူးယစ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူ

မြိတ် ၁၉ မေ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောပြင်ကြီးကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိခြင်း၊ ဖမ်းဆီးရမိမှုမရှိခြင်း၊ ရောင်းဝယ်ဖောက်ကားမှုမရှိခြင်းနှင့် ကျေးရွာပြည်သူများမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် မူးယစ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရသည်။  

 

မဇောပြင်ကြီးကျေးရွာသည် အိမ်ခြေ(၁၁၀)ကျော်ရှိပြီး ပြည်သူများအား မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ပညာပေးဟောပြောခဲ့ရာ ကျေးရွာသူ/ရွာသားများထံမှ ၎င်းတို့ရွာတွင် မူးယစ် ဆေးဝါးသုံးစွဲမှု၊  ဖမ်းဆီးခံရခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုမရှိခြင်းကြောင်း သိရှိရပြီး ၎င်းရွာအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ အမှန်တကယ်ကင်းစင်သဖြင့် ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ မူးယစ် ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းထံမှ သိရသည်။

 

မူးယစ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်စိုက်ထူရာတွင် တနင်္သာရီတိုင်းဒေသကြီး  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချို တက်ရောက်၍ ကျေးရွာသူရွာသားများအား ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားပြီး မြိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်က မူးယစ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူရခြင်း နှင့် ရှင်းလင်းပြောကြားသည်။ ထိုနောက် မြိတ်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင် က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားပြီး မဇောပြင်ကြီးကျေးရွာအတွက်   မူးယစ် ဆေးဝါးပညာပေး စာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ မူးယစ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်အား တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြိတ်ခရိုင်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။ 

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

IMG_8