မြိတ်ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်ဆေးစက်နှစ်လုံးဖြင့် ကျောက်ကပ်ဝေဒနာရှင်များအား ကျောက်ကပ်ဆေး ဝန်ဆောင်မှုစတင်

မြိတ် မေ ၁၂

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက် နှစ်လုံးဖြင့် ကျောက်ကပ်ရောဂါဝေဒနာရှင်များအား ကျောက်ကပ်ဆေး ဝန်ဆောင်မှုကို အထူးကုဆရာဝန်ကြီးများ၏ ကျောက်ကပ် စမ်းသပ်စစ်ဆေး ကုသလမ်းညွှန်မှုများအတိုင်း စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြည်သူ့ဆေးရုံအတွင်းရှိ တိုးချဲ့လူနာဆောင်ကို ပြုပြင်မွမ်းမံ၍ စေတနာရှင် အလှူရှင်များ လှူဒါန်းသည့် ကျောက်ကပ်ဆေးစက် နှစ်လုံးနှင့် ရေသန့်စက် တစ်လုံးတို့ဖြင့် ကျောက်ကပ်ဆေး ဝန်ဆောင်မှုကို မေ ၁၁ ရက်မှ စတင်ကာ ပြည်သူ့ဆေးရုံကြီးစီမံအဖွဲ့၊ အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဝေဒနာရှင်တစ်ဦးအား ကျောက်ကပ်ဆေးခြင်းစတင်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း  သိရသည်။

 

မြိတ်ခရိုင်ရှိ ပြည်သူလူထု၏ ကျောက်ကပ်နှင့် သက်ဆိုင်သည့် ရောဂါဝေဒနာများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မကြာမီ တည်ဆောက်မည့် ကျောက်ကပ်သန့်စင် စင်တာအဆောက်အအုံ တည်ဆောက်ပြီးပါက ယခုထက်ပိုမို ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)