မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဖေဖော်ဝါရီ ၂၈

 

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်များ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၃၅၇ ဒသမ ၁၆ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူ၍ ဇွန်လမှ စတင်၍ တွင်းတိမ်(၂)တွင်း၊ တွင်းနက်(၆)တွင်း၊ အိမ်သွယ်ရေတိုင်(၆)ခု၊ ရေသန့်စင်စနစ်(၂)ခု၊ အခြားလုပ်ငန်းတစ်ခုတို့အား ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများမှ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ကျေးရွာ ၁၇  ရွာမှ လူဦးရေ ၁၂၄၁၂ ဦးတို့အား ရာသီမရွေး သောက်သုံးရေ အဆင်ပြေနိုင်တော့မည်ဖြစ်သည်။ 

 

၎င်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာတို့တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်  ၁၃၅ ဒသမ ၈၉  သန်းဖြင့်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူ၍ တွင်းတိမ်(၃)တွင်း၊ မြေသားရေကန် (၆)ကန်တို့အား ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ ၉ ရွာရှိ လူဦးရေ ၇၁၇၃ ဦးတို့မှာ ရာသီမရွေး သောက်သုံးရေ အဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)