မိတ္ထီလာခရိုင်တွင် ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၂၇၃၂ဧက စိုက်ပျိုးနိုင်

မိတ္ထီလာ ဧပြီ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၂၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

           

စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧက အထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါကို မိုးကြိုနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါများကို မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ဒေသခံ တောင်သူများက မတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။

 

ယင်းသို့ မိုးကြိုချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် အထူးအထွက်နှုန်းကောင်းသည့် (B.31)၊ ရွှေတောင်(၁၀) ၊ ရွှေတောင်(၈) ဝါမျိုးများကို စိုက်ပျိုးထားရာ ချည်မျှင်ရှည်ဝါ (B.31)စိုက်ဧက ၇၆၁ ဧက၊ ရွှေတောင်-၁၀ စိုက်ဧက ၁၇၁၄ ဧကနှင့် ရွှေတောင်-၈ စိုက်ဧက ၂၅၆ ဧက စုစုပေါင်းစိုက်ဧက ၂၇၃၂ဧက တို့ကို စိုက်ပျိုးနိုင်ခဲ့သည်။

 

အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧကများအနက် မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၂၉၆ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၈၆ဧက၊ သာစည်မြို့နယ်တွင် စိုက်ဧက ၁၇၃၆ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၆၁၁ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

                                                                                                                                               

သိန်းမြင့်ကျော်(မိတ္ထီလာ)