မိတ္ထီလာလွင်ပြင် စိုက်ပျိုးရေရရှိရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ဇွန် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု စက်ပစ်တောင်ကျေးရွာသို့ ရောက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် စိုက်ပျိုးသော နွေစပါးမျိုးစေ့ထုတ် ထိုင်းနှံကောက်မျိုး ဧက(၁၅၀)စိုက်ခင်း စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။ 

အဆိုပါ ထမုန်ကန်အုပ်စု ကွင်းအမှတ်(၇၄၀) တောင်သူ ဦးဇော်မင်း၏ ထိုင်းနှံကောက်မျိုး (၆)ဧကတွင် စံကွက်အစိုတင်း တစ်ဧက အထွက်နှုန်းတင်း (၁၃၀)နှုန်းနှင့် စံကွက်အခြောက်တင်း တစ်ဧကအထွက်နှုန်း (၁၂၅)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်နိုင်ရေး၊ ကျိုင်းခမ်းရေလှောင်တမံ၊ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့မှ ‌‌ရေများကို ပို၍အကျိုးရှိအောင် အသုံးချနိုင်ရေး၊ စိုက်ပျိုးရေတိုးတက် ပေးဝေနိုင်ရေးအတွက် ကင်းတား လက်ဝဲမြောင်းမကြီး၏ လက်ဝဲဘက်ခြမ်း ရေသောက်ဧရိယာပြင်ပရှိ ကုန်းမြင့် စိုက်ပျိုးမြေများကို ရေတင်ပေးဝေနိုင်ရေး၊ မြေအောက်ရေ အရင်းအမြစ်များထုတ်ယူ သုံးစွဲနိုင်ရန် လိုအပ်သော စူးစမ်းလေ့လာတိုင်းတာမှုများ ဆောင်ရွက်ရေး၊ စိုက်ပျိုးဧကများ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေးနှင့် သီးနှံ‌များ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တည်ဆောက်ပြီး ရေလှောင်တမံများနှင့် ကန်များမှ သိုလှောင်ရေများကို စနစ်တကျ စီမံခန့်ခွဲပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် စိုက်နည်းစနစ်များ၊ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်‌ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကင်းတားလက်ဝဲမြောင်း ရေသောက်စနစ် ဧရိယာပြင်ပတွင် စိုက်ဧက တိုးတက်စိုက်ပျိုးနိုင်‌ရေး အခြေအနေများ၊ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ဖြစ်နိုင်ချေ ရှိ၊ မရှိ အသေးစိတ်တိုင်းတာနေမှုများနှင့် ရေတင်စနစ်ဖြင့် တိုက်ရိုက်ရေပေး၍ စိုက်ပျိုးနိုင်ရေးအတွက် လျာထားနေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်