မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် (၁၄ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် (၁၄ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်း‌လှေပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မုခ်ဦးအနီးနှင့် လှေပြိုင်ပွဲ ဆုပေးမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

 

ဦးစွာ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် (၁၄ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်ရာ မြေပြင်အတတ်သင် လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး ဇော်အောင်လေးနှင့် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။  ဆက်လက်၍ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲကို လှေပြိုင်ပွဲဆုပေးမဏ္ဍပ်တွင် ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါ လှေပြိုင်ပွဲ အကြီးတန်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင်လှေအသင်း ၆ သင်းနှင့် အငယ်တန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လှေအသင်း အသင်း ၂ဝ ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၏ (၁၄ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)