မိတ္ထီလာ ၁၄ ဖေဖော်ဝါရီ
မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်သုံး အသေးစား လျှပ်စစ် ဓာတ်အားလိုင်းစနစ်ဖြင့် (၂၄)နာရီ မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာများ၏ မီးလင်းရေးစနစ်အား အကြို လျှပ်စစ်မီး ရရှိရေးနှင့် ပြည်သူအချိုးကျထည့်ဝင်သည့်စနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်ရန် အစိုးရ၊ ပြည်သူ နှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်မှ ၂၀ ရာခိုင်နှုန်း၊ ပြည်သူ လူထုမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ငွေများဖြင့် ဆိုလာစနစ်သုံး အသေးစားလျှပ်စစ်ဓာတ်အာလိုင်းစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ Mandalay Yoma Co,Ltdမှ တာဝန်ယူကာ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆိုလာစနစ်သုံး အသေးစားဓာတ်အားလိုင်းစနစ် (Solar Mini Grid 55KWp)ကို ၂၀၁၈ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်၍ အိမ်ခြေ ၁၇၄ အိမ် လူဦးရေ ၉၉၃ ဦးရှိသည့် ဒီးဒုတ်တောင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၂၆ အိမ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိသည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်တောင်ကျေးရွာသို့ ဖေဖော်ဝါရီ ၁၁ ရက်က စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်သည် ဆိုလာစနစ်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု့ စစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာမီးလင်းရေး လုပ်ငန်းနှင့် ကျန်ရှိသည့် အိမ်ခြေများ မီးလင်း နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


