မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် GW 11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ GW 11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ဒီဇင်ဘာလ ၁၉  ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က သီးကုန်းကျေးရွာ ကွင်းအမှတ် ၈၈၂ ဦးပိုင် အမှတ် ၁၂၂/၁ ရှိ တောင်သူ ဒေါ်ခင်အေး၏ GW 11 စိုက်ဧက ၁.၁၉ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက မျိုးကောင်းမျိုးသန့် ပြန့်ပွားအောင်နှင့် စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်က လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများနှင့် သီးနှံများ ရိတ်သိမ်းခြွေလေှ့ခြင်း လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့သည်။ ထိုနောက် GW 11 မိုးစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို    ၁၁၇တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌  မိုးစပါးစိုက်ဧက ၁၀၄၃၂ စိုက်ပျိုးနိုင်ခဲ့ရာ GW 11 မိုးစပါး စိုက်ဧက ၇၅ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)