မိတ္ထီလာမြို့နယ်အတွင်းရှိ နွေစပါး စိုက်ဧက ၂၀၀ ကို  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံညှိနှိုင်း

မိတ္ထီလာ ဒီဇင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၀၀ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် စက်ပစ်တောင်ကျေးရွာနှင့် ဇီးချိုကုန်းကျေးရွာတို့မှ တောင်သူများနှင့် ဒီဇင်ဘာ ၂၁ ရက်က အဆိုပါကျေးရွာများတွင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံညှိနှိုင်းပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက မိတ္ထီလာ မြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက်ဧက ၉၀၀ ကျော် လျာထားသတ်မှတ်ထားပြီး ၎င်းစိုက်ပျိုးရန်သတ်မှတ် လျာထားသည့် စိုက်ဧကများအနက် နွေစပါးစိုက်ဧက ၂၀၀ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တောင်သူများ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နွေစပါးစိုက်ဧက တစ်ဧကလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှစ်သိန်းကျပ်အား အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကုမ္ပဏီအား ပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက်တောင်သူများအား ငွေကျပ် နှစ်သိန်း တန်ဖိုးနှင့် ညီမျှသည့် စပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါပေးအပ်သည့် ကုမ္ပဏီအား ငွေ ကျပ် နှစ်သိန်းနှင့် ညီမျှသည့် နွေစပါးများကို ကာလပေါက်စျေးနှုန်းဖြင့် ပြန်လည်ပေးအပ်ရ မည့်အပြင် နွေစပါးစိုက်တောင်သူများက ပြန်လည်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့်အချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အကျိူးတူ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် Green Growth Generation ကုမ္ပဏီမှ မန်နေဂျာ ဒေါ်နေခြည်ထွေးက နွေစပါး စိုက်ပျိုးထုတ်လုပ်မှု၊ မျိုးစေ့ထုတ်လုပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ၎င်းစီမံကိန်း ဖြင့် စိုက်ပျိုးမည့် တောင်သူများက သိလိုသည်များကို မေးမြန်းရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ်ကို ထမုန်ကန် ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ ကွက်ငယ်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀နှင့် သီးကုန်းကျေးရွာအုပ်စု တွင် စိုက်ဧက ၂၅ဧက၊ မုန်တိုင်ကျေးရွာအုပ်စုတွင် စိုက်ဧက ၂၅ ဧကတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)