မိတ္ထီလာ၊ ၂၀ မေ
မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်းပညာသင်တန်းများကို မေ ၁၇ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖြစ်သည့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သင်တန်း၊ စက်ပြင်စက်မောင်းသင်တန်း၊ လက်ရက်ကန်းသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း များကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အဆိုပါသင်တန်းများကို ယာယီရပ်နားထားခဲ့ရသည်။
ထိုသို့ ယာယီရပ်နားထားခဲ့ရာမှ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်းများကို မေ ၁၇ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို သင်တန်းသူသင်တန်းသား(၁၈)ဦးနှင့် လက်ရက်ကန်း (၆)လသင်တန်းကို သင်တန်းသူသင်တန်းသား(၄)ဦးတို့အား နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


