မိတ္ထီလာ၌  ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၆၄ဝဝဝ လျာထားထုတ်ချေးပေး

မိတ္ထီလာ မေ ၁၇ 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၆၄ဝဝဝ လျာထားထုတ်ချေးပေးလျက်ရှိကြောင်း အဆိုပါ ဘဏ်၏ ဘဏ်မန်နေဂျာထံက သိရသည်။

“မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၈ အုပ်စုက ဒေသခံတောင်သူတွေကို ယခု ၂ဝ၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေတွေကို မေလ ၁၆ ရက်က စတင်ထုတ်ချေးတာဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၆၄ဝဝဝ ကို လျာထားထုတ်ချေးပေး သွားမှာဖြစ်ပါတယ်။ ယခုနှစ် မြို့နယ်အတွင်းမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးမယ့် စပါး ၁၅ဝဝဝဧက ၊ ပဲတီစိမ်း ၅ဝဝဧက ၊ ပဲစင်းငုံ ၆ဝဝဝ ဧက ၊ နှမ်း ၃၅ဝဝဝ ဧက တို့အတွက် စပါး တစ်ဧကကို ၁၅ဝဝဝဝ ကျပ်နှုန်း ၊ အခြားသီးနှံ တစ်ဧက ကို ၁ဝဝဝဝဝ ကျပ်နှုန်း နဲ့ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မိတ္ထီလာ) မှ ဘဏ်မန်နေဂျာက ပြောသည်။

အဆိုပါ ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ၁၆ရက်နေ့ မှ စက်တင်ဘာလ ၃ဝ ရက်နေ့ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၆ အုပ်စုတွင်ရှိသောဒေသခံတောင်သူ ၁ဝဝဝဝ ဦးခန့် ထံသို့ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ ( မိတ္ထီလာ)