မိတ္ထီလာညောင်ပင်သာကျေးရွာ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်  ပဉ္စနှစ်ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့လာ

မိတ္ထီလာ ၂၈ ဇွန်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ ဦးခင်မောင်ဝင်း၏ ကောင်းထက်စံနို့စားနွားမွေးမြူရေးခြံသို့ ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပဉ္စနှစ်ကျောင်းသူ၊ ကျောင်းသားများ ကွင်းဆင်း လေ့လာကြသည်။

အဆိုပါကောင်းထက်စံ နို့စားနွားမွေးမြူးရေးခြံရှိ နွားနို့ညှစ်ခြံ၊ နွားကြီးခြံ၊ နွားငယ်ခြံ၊ နွားစာ အစာစပ်ရုံ၊ အစာသိုလှောင်ရုံ နေရာများနှင့်  နွားမွေးမြူထားရှိသည့် အခြေအနေများကို   မိတ္ထီလာခရိုင် မွေးမြူရေးနှင့် ကုသဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်သိန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာစောပိုပိုနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ ၁၉ ဦး၊ ပဉ္စနှစ်ကျောင်းသားသူ ၇၆ ဦး၊ ကျောင်းသား ၄၅ ဦးတို့က ကွင်းဆင်းလေ့လာရာ နွားမွေးမြူရေးခြံပိုင်ရှင်၏သားဖြစ်သူ ကိုချစ်မင်းဦးက လိုက်လံရှင်းလင်းပြသည်။

၎င်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကွင်းဆင်းလေ့လာရေး အဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်မြင့်၊ မင်းရွာ၊ ညောင်ကိုင်း၊  မြင်းကန်၊ မုန်တိုင်၊ ရေဝေ၊ မွေ၊ သရက်ပင်နှင့် ရှမ်းမငယ် ကျေးရွာတို့တွင် ကျွဲ၊ နွား မွေးမြူရေးအခြေအနေများကို လေ့လာ၍ အခမဲ့ဆေးကုသပေးခြင်း၊  အသိပညာပေးခြင်းများအား ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာရခြင်း၏ ရည်ရွယ်ချက်များမှာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် စာတွေ့သင်ကြားခဲ့သည်များကို ကျေးရွာများသို့ သွားရောက်ပြီး လက်တွေ့ဖြင့် ပေါင်းစပ်လေ့လာနိုင်ရန်၊ ကျေးလက်ဒေသရှိ တိရစ္ဆာန်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများပေးရန်၊ ကျေးလက်ဒေသရှိ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ကျွေးမွေးသည့် အစာများ၊ ကျွေးမွေးသည့် နည်းစနစ်များ လေ့လာရန်၊ ကျေးရွာပြည်သူလူထုအား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ဒေသန္တရ ဗဟုသုတများ ရှာဖွေဆည်းပူးရန်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)