မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လိုင်လင်းပီမြို့မှ ပိုင်တယ်၊ ပထိန်တလန်ကျေးရွာချင်းဆက် လမ်းများမြေပြိုပြီး ပြည်သူများ သွားလာရေးအခက်ကြုံနေ      

လိုင်လင်းပီ ၁၈ ဇွန်                                
     

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတပ်ခရိုင် လိုင်လင်းပီမြို့တောင်ဖက် ပိုင်တယ်ကျေးရွာ၊ ပထိန်တလန်ကျေးရွာကြား မြေပြိုမှုဖြစ်ပွားပြီး ပြည်သူများသွားလာရေးအခက်ကြုံလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
     

“အဓိကပြိုတဲ့နေရာတွေကတော့ လိုင်လင်းပီကနေ တီဆီးချောင်းမရောက်ခင် တစ်မိုင်အကွာ လောက်မှာဖြစ်တယ် ကားတွေကတော့ လုံးဝသွားလို့မရဘူး။ မြေတွေကပျော့နေတာကြောင့် ကမ်းပါးအောက်ဘက်ကို ကျွံကျသွားနိုင်တယ်။ ဆိုင်ကယ်တောင် လူတစ်ယောက်ထဲနဲ့ စိတ်မချရဘူး” ဟု လိုင်လင်းပီမြို့မှ ခရီးသွားတစ်ဦးက ပြောကြားသည်။
     

လိုင်လင်းပီမြို့နှင့် ပိုင်တယ်ကျေးရွာသည် (၁၂)မိုင်ကွာဝေးပြီး ပိုင်တယ်မှ ပထိန်တလန်ကျေးရွာ ကြားမှာ(၄)မိုင်ကွာဝေးကာ အဆိုပါကျေးရွာချင်းဆက်လမ်းများသည် မိုးတွင်းရောက်လျှင် မကြာခဏ မြေပြိုလျက်ရှိပြီး မိုးတွင်းရိက္ခာအတွက် ကုန်ပစ္စည်းများတင်ဆောင်ထားသော ကားများမှာ လိုင်လင်းပီမြို့၌ ခေတ္တရပ်နားထားရကြောင်း ယာဉ်မောင်းသမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


MDN

 

1