မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုံခြုံရေးအသိ၊ သတိဖြင့်အသုံးပြု

 

 

ငွေစက္ကူအသုံးပြုမှုလျော့ကျလာပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ပိုမိုသုံးစွဲလာခြင်းအားဖြင့် ငွေကြေး လုပ်ငန်းများ ပိုမိုလုံခြုံချောမွေ့ လျင်မြန်လာစေသည်။ မိုဘိုင်းငွေပေးချေမှုကို စနစ်တကျ သုံးစွဲခြင်းဖြင့် လုပ်ငန်းတော်တော်များများ ထိုင်ရာမထပြီးမြောက်နိုင်သည်။ အွန်လိုင်းအသုံးပြုမှု များပြားလာသည့်အခါ မသမာသူများ၊ ဒုစရိုက်သမားများလည်း အွန်လိုင်းပေါ်သို့ ရောက်လာသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် သားကောင်များကို ရှာဖွေကာ နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ ပြုလုပ်ကြသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်း လိမ်လည်မှုပေါင်း  ၄၈၂  မှုရှိခဲ့သည်ဟု မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အများပြည်သူသို့  အသိပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။ နိုင်ငံခြားသားများပါဝင်သည့် ငွေကြေးလိမ်လည်မှုများတွင် ပစ်မှတ်သားကောင်ကို ဆိုရှယ်မီဒီယာများမှ တစ်ဆင့်ချိတ်ဆက်၍ ရင်းနှီးမှုရယူကာ တန်ဖိုးကြီး ဥစ္စာပစ္စည်းများပေးပို့ ဟန်ဆောင်၍ ဆွဲဆောင်လိမ်လည်ကြခြင်းဖြစ်ပြီး လိမ်လည်မှုတွင်ပါဝင်သည့် နိုင်ဂျီးရီးယားနိုင်ငံသား ၂၃ ဦး၊ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၉ ဦးကို အရေးယူခဲ့ ကြောင်းလည်းသိရသည်။ မိုဘိုင်းငွေကြေးလိမ်လည်မှုများကို တားဆီးကာကွယ်နိုင်ရန်မှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို သုံးစွဲသူပြည်သူများ လုံခြုံရေးအသိ သတိရှိကြရန်လိုသည်။ မသမာသူ ဒုစရိုက်သမားတို့၏ လှည့်စားမှုတွင် အငိုက်မမိကြ ရန်လိုသည်။

 

ဘဏ်နှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုများကို အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်ပေါ်ပေါက်ပါက ရဲစခန်းနှင့် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးသူများက ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များ ဆိုင်ရာ လမ်းညွှန်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်ရာ လိမ်လည်ခံရသူသည် သက်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့ အစည်း၏ စုံစမ်းမေးမြန်းသည့်စင်တာ (Call Center)၊ တိုင်တန်းချက်လက်ခံသည့်စင်တာ (Complaint Certer) သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရမည်ဖြစ်သည်။ ယင်းနောက် စုံစမ်း မေးမြန်းသည့် စင်တာနှင့် တိုင်တန်းချက်လက်ခံသည့် စင်တာတို့က လိုအပ်၍ တောင်းခံသည့် အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သွားရောက် အမှုဖွင့်ရမည်ဖြစ်သည်။

 

သက်ဆိုင်ရာနယ်မြေရဲစခန်းသည် မိုဘိုင်းငွေလိမ်ခံရသူ၏ တိုင်တန်းချက်ကို လက်ခံရရှိပါက ချက်ချင်း အမှုဖွင့်လှစ် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးသည်နှင့် ချက်ချင်းဖုန်းနှင့်ဖြစ်စေ၊ ဖက်စ်နှင့်ဖြစ်စေ၊ e - Mail နှင့်ဖြစ်စေ သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းကို ငွေလိမ်ခံရမှုတိုင်ကြားလာ၍ အမှုဖွင့်လှစ်ထားကြောင်း အကြောင်းကြားရမည်ဖြစ်သည်။ ရဲစခန်းက အကြောင်းကြားလာချိန်တွင် သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း၏ စုံစမ်း မေးမြန်းသည့် စင်တာနှင့် တိုင်တန်းချက် လက်ခံသည့်စင်တာတို့သည် လိမ်လည်ခံရသူ၏ ဆက်သွယ် အကြောင်းကြားချက်နှင့် အချက်အလက်များစစ်ဆေးမှုများ ပြုလုပ်ခြင်းစသည်ဖြင့် လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ စံလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (SoP) များသည် ယခင်မိုဘိုင်းငွေကြေး လိမ်လည်မှုဖြစ်စဉ်များတွင် သက်ဆိုင်ရာများသို့ တိုင်ကြားရန် အခက်အခဲများ ရှိခဲ့သည့်အပေါ် တိကျသော လုပ်ထုံးလုပ်နည်းများချမှတ်၍ ကာယကံရှင်တို့၏ ဆုံးရှုံးနစ်နာမှုများကို အမှုဖွင့်လှစ် တိုင်ကြားနိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိုဘိုင်းငွေကြေး လိမ်လည်မှုများသည် ဒုစရိုက်သမားများက သားကောင်၏ အယုံလွယ်မှု၊ ဗဟုသုတနည်းပါးမှု၊ လောဘစိတ်ဖြစ်ပေါ်မှုတို့အပေါ် တွင် အသုံးချသွားကြခြင်းဖြစ်ရာ ဆိုရှယ်မီဒီယာအသုံးပြုသူတိုင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု အသုံးပြုသူတိုင်းက လိမ်လည်သူတို့၏ နည်းပရိယာယ်နှင့် နည်းပညာတို့ကို သတိပြုကာကွယ်ခြင်းသည်သာ အဓိကဟု အကျိုးမျှော်ကာ နှိုးဆော်အပ်ပါ ကြောင်း။

 

မြန်မာ့အလင်း