မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀ဝ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများ စိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေကိုသာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တစ်ချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မလုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ သံလိုက်လှိုင်းတွေကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်နိုင်ချေရှိပါတယ်။

၁။ ခေါင်းကိုက်တာ

၂။ မှတ်ဉာဏ်ချို့ယွင်းတာ

၃။ နှလုံးဖောက်ပြန်တာ

၄။ သုတ်လွှတ်နှုန်းနည်းပါးတာ

၅။ ခန္တာကိုယ်ချို့ယွင်းချက်ရှိတဲ့ ကလေးမွေးဖွားမှုနှုန်းမြင့်မားတာ

၆။ ကင်ဆာဖြစ်ပွားနိုင်ချေရှိတာ

၇။ ပင်ပန်းနွမ်းနယ်တာ

၈။ အိပ်မပျော်တာ

၉။ အမြင်အာရုံချို့ယွင်းတာ

၁၀။ မူးဝေတာမျိုးတွေဖြစ်ပါတယ်။

ဒီလို ဆက်သွယ်ရေးလှိုင်းတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို Microwave Sickness Syndrome လို့ ခေါ်ဆိုပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်ဆိုတဲ့ ယူချက်ဟာ သီအိုရီသဘောအရသာဖြစ်ပြီး အမှန်တကယ်ထိခိုက်တယ်ဆိုတဲ့ သက်သေအထောက်အထား အနည်းငယ်သာရှိတယ်လို့ အမေရိကန် ကင်ဆာအသင်းက ဆိုထားပါတယ်။

ကမ္ဘာ့လူဦးရေ ၇.၇ ဘီလီယံထဲမှာ ၆၈% လောက်က မိုဘိုင်းဖုန်းတွေ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့သလို ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသူအရေအတွက်ကတော့ အင်မတန်ကို နည်းပါးလှပါတယ်။ ဘာကြောင့် ခုလိုထိခိုက်မှုတွေ နည်းပါးနေရတာလဲ။

ပထမဆုံး လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူ့အရေပြားကို စတင်ထိတွေ့ပါတယ်။ တာဝါတိုင်တွေကနေ လွှင့်ထုတ်တဲ့ ရေဒီယိုလှိုင်းတွေဟာ 300 MHz ကနေ 3 GHz အကြားဖြစ်တာမို့ ပမာဏဟာ အရေပြားက ခံနိုင်ရည်ရှိတဲ့ ပမာဏထက် များစွာနည်းပါးတာမို့ ဘေးအန္တရာယ်ဖြစ်နိုင်ချေ နည်းပါးပါတယ်။

လက်ရှိမှာဖြစ်ပွားနိုင်ချေရှိတယ်လို့ ယူဆခံထားရတဲ့ ဝေဒနာ လက္ခဏာတွေဟာ တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေသာဖြစ်ပြီးတော့ လူတွေမှာ ဒီလိုဝေဒနာမျိုးတွေ ခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရသေးပါဘူး။

ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ဟာ မှားယွင်းတယ်လို့ ဆိုလို့မရပေမယ့် စိုးရိမ်ပူပန်ရလောက်တဲ့ ပြဿနာကြီးတစ်ခု မဟုတ်ဘူးဆိုတာကို ပြောပြချင်ပါတယ်။