မြို့စောင့်နတ်လေး ကြားသိသမျှ ပြောပြမယ်

၄ စက်တင်ဘာ

မြို့စောင့်နတ်လေး ကွန်းခိုရာ ဗိမာန်က မြို့လယ်ကောင်မှာရှိတဲ့ ပန်းခြံကြီးတစ်ခုအတွင်းက ကြီးမားတဲ့ ညောင်ပင်ကြီးတစ်ပင်ပေါ်မှာပါ။

 

22


မြို့လယ်ကောင်ဆိုတော့ ဘာပဲပြောပြော လူစုံတယ်လေ။ လူစုံတော့ သတင်းလည်း စုံတာ ပေါ့။ ညောင်ပင်ကြီးအောက်မှာ လာနားကြရင်း ပြောကြဆိုကြတာတွေကို မြို့စောင့်နတ်လေး မကြားချင်လည်း ကြားနေရ။ ပိုပြီး ကြားချင် သိချင်တော့လည်း နားစိုက်ထောင်လိုက်ရနဲ့ အတော့်ကို အဆင်ပြေတယ်ဗျ။ ရန်ကုန်မြို့မှာရှိတဲ့ မီဒီယာခေါ်မလား။ သတင်းထောက်ကြီးကြီး ငယ်ငယ်တွေတောင် မြို့စောင့်နတ်လေးလောက် သတင်းစုံမယ် မထင်မိပေါင်ဗျာ။

YBS မှတ်တိုင်နားမှာ

YBS မှတ်တိုင်တွေနားမှာ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လူသွားလမ်းပလက် ဖောင်းအပေါ်မှာ ငါးပေပတ်လည် ဈေးဆိုင်လေးတွေ တည်ဆောက်မယ်လို့ ဩဂုတ် ၁၄ ရက်က လုပ်တဲ့ မြို့တော်စည်ပင်နဲ့ မီဒီယာများ တွေ့ဆုံပွဲမှာ မြို့တော်ဝန် ဦးမောင်မောင်စိုးက ထည့်သွင်း ပြောကြားလိုက်တယ်လို့ သတင်းထောက် ပေါက်စနလေးက သှူမိတ်ဆွေကို ပြောတာ စကြား ရပါပြီဗျာ။

ကွမ်းယာနဲ့ ဆေးလိပ်ကိုတော့ ရောင်းချခွင့်ပေးမှာ မဟုတ်ဘဲ အဓိက YBS စီးတဲ့ ကတ်၊ ဖုန်းဘေလ်နဲ့ အဆာပြေစားသောက်ဖို့မုန့်ပဲ သရေစာတွေသာ ရောင်းခွင့်ပြုမှာတဲ့။ ဟဲ....ဟဲ ရယ်ဖို့တော့ အတော်ကောင်းသားဗျာ။ သူတို့က နောက်ကျသွားပြီကိုး YBS မှတ်တိုင်နီးပါးတိုင်းမှာ ဆေးလိပ်၊ ကွမ်းယာဆိုင်တွေက နေရာယူထားပြီးပြီလေ။ သူတို့နဲ့ ဆိုင်ပြိုင်ဖြစ်မှာစိုးလို့နဲ့ တူပါတယ်။ နတ်မျက်စိနဲ့ မြင်နေ မြင်လိုက်ရလို့ပါ။

ယခင်ကလည်း ယခုလိုပင် လမ်းပလက်ဖောင်း မြေများပေါ်၌ မီဒီယာကွန်နာအဖြစ် စာအုပ်ဆိုင် လေးများဖွင့်ပေးဖူးခဲ့ပြီးဖြစ်ရာ ယခုအခါ ပြန်လည် ပိတ်သိမ်းသူများ စာအုပ်ဆိုင်မှတစ်ဆင့် အခြား အရောင်းဆိုင်များအဖြစ် တည်ရှိလာပြီး ပေးထားသည့် မြေဧရိယာထက်ကျော် အသုံးပြုနေသည် များကို တွေ့ရှိနေရကာ ပြန်လည်သုံးသပ်သင့် ပေသည်။

YBS စီးခ မတက်ပါ

“မြွေပူရာ ကင်းမှောက်” ဆိုတဲ့ စကားကြားဖူးကြမှာပေါ့။ မြို့စောင့်နတ်လေးနေတဲ့ ဗိမာန်အနီးက ကားမှတ်တိုင်ကိုကြည့်ရင် မိုးလင်းမိုးချုပ် YBS တွေ ဥဒဟို ဝင်ထွက်နေတာကို မြင်နေရတယ်။ ခရီးသည်တွေကလည်း ပျားပန်း ခပ်၊ ဆင်းသူဆင်း၊ တက်သူတက်နဲ့ အတော်ဝင်ငွေကောင်းတဲ့ YBS လို့ မြို့စောင့်နတ်လေးက မှတ်ချက်ချမိပါတယ်ဗျာ။

ဒါပေမယ့် မြို့စောင့်နတ်လေးရှိတဲ့ ညောင်ပင်အောက်မှာ လာလာထိုင်တတ်ကြတဲ့သူတွေရဲ့ ညည်းတွားသံက နားထဲအထိ ရောက်ရောက်လာပါတယ်။ “ဘာ..ဪသာ်.... YBS စီးခတွေ ဈေးတက်ဦးမယ် ဟုတ်လား။ မီတာခတွေ တက်သွားလို့ ကုန်ဈေးနှုန်းတက်နေတဲ့သူတွေအတွက် ဪသာ်...ဒုက္ခ ဒုက္ခလို့ပဲ ဝိုင်းကူညည်းပေး လိုက်ချင်ပါတော့တယ်။

အခုတော့ အဲဒီလို ဝိုင်းကူညည်းတွားပေးတာကို ရပ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဟုတ်လား။ YBS စီးခတွေ တက်မယ် ဆိုတာ ဟုတ်မှ ဟုတ်ပဲ။ အများပြောကြတဲ့ ကောလာဟလပါ။ ဘာကောလာဟလဆိုတာ မှန်တတ်တယ် ဟုတ်လား၊ ဪသာ်...မဟုတ်တာဗျာ။

အဲ... အဲ ဒါပေမယ့် YRTA က တာဝန် ရှိတဲ့သူတွေ ရှင်းလင်းသွားတာက ပညာပါတယ်နော်။ နားထောင်ကြည့်၊ “ယာဉ်စီးခတွေ တိုးကောက်မယ်ဆိုပြီး သတင်းထွက်နေတာတွေ အွန်လိုင်းမှာ တက်နေတာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလောလောဆယ် ကောက်မယ်မပြောသေးပါဘူး။ ခေတ်ကာလနဲ့ အညီ ကောက်သင့်တယ်ဆိုတာမျိုး ဆွေးနွေး တုန်းပဲရှိပါတယ်။ ဘာမှအတည်တကျ မဖြစ်သေးပါဘူးလို့ ဆိုတာကို YRTA မီဒီယာရှင်းလင်းပွဲကို မမီလိုက်တဲ့ သတင်းထောက် ကောင်မလေးကို သတင်းထောက်ကောင်လေးက ပြန်ပြောပြ နေတာကို ကြားရတာပါဗျာ။ အဲ...နောက်ဆုံး ကြားလိုက်ရတာ အောက်တိုဘာလလောက်မှာ ကတ်စနစ်နဲ့ စီးနိုင်ဖို့ ကြိုးပမ်းနေတာမို့ ယာဉ်စီးခ တိုးကောက်ဖို့ကို “မကြာမီ လာမည်မျှော်” လို့ နတ်မျက်စိနဲ့ မြင်လိုက်ရပါပြီဗျာ။

စည်ပင်ရေ၊ ပုဂ္ဂလိကရေ ဖြစ်တော့မည်

ရန်ကုန်စည်ပင် ရေပေးဝေတဲ့နေရာမှာ ရေဆုံးရှုံး အလေအလွင့်က ၅၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ မြို့တော်ဝန်ကြီးက အတိအလင်း ရှင်းလင်းဆိုသွားပြန်တာကိုလည်း ကြားမိပါရဲ့။ ဒါဆို လျှပ်စစ်ဆုံးရှုံးမှုထက် ရာနှုန်းများနေတာပေါ့။

ရေပေးမှုမှာ လက်ရှိဝန်ထမ်းကလည်း မလုံမလောက်နဲ့ ဆိုတော့ ဝန်ထမ်းနဲ့ ရေမသမာမှု လုပ်သူ အပေးအယူမျှသွားမှာကို မြို့တော်ဝန်ကြီး တွေးပူပန်တာပါ။ ဒါကြောင့် ပုဂ္ဂလိကကို ပေးချင်တာ။ ဈေးနှုန်းကန့်သတ်ပြီး ပုဂ္ဂလိကကို ပေးလိုက်ရင် ရေလေလွင့်မှု နည်းလာမယ်လို့ ဆိုသွားတယ်။

လက်ရှိ အိမ်သုံးရေမီတာခက တစ်ယူနစ်မှာ ငွေကျပ် ၈၈ ကျပ်။ စီးပွားရေးသုံးမီတာခကျတော့ တစ်ယူနစ်ကို ငွေကျပ် ၁၁၀ ကောက်ခံတာ အရှုံးပေါ်နေတယ်လို့ ရှင်းပြမှုတွေရှိခဲ့ကြတယ်။ ဒါပေမယ့် တိုးကောက်ဖို့တော့ အစီအစဉ်မရှိ သေးဘူးလို့တော့ ဟြေပါတယ်။ ဒါလည်း ကျေးဇူးတင်ရမှာပေါ့နော်.....။ 

ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုတဲ့အခါ စိတ်ဝင်စားသူတွေ လာလျှောက်နိုင်တယ်။ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စမ်းသပ်မှုတွေနဲ့ ရေပေးဝေသွားမှာတဲ့။ ဒါဆိုရန်ကုန်မြို့ရဲ့ ရေပေးဝေမှု စနစ်တကျ ရှိလာပြီး ရေအလေအလွင့်တွေ နည်းသွားနိုင်တယ် လို့ဆိုတော့ ဝမ်းသာရမှာပေါ့။ ဒါပေမယ့် အစိုးရနဲ့ ပုဂ္ဂလိက၊ ပုဂ္ဂလိကကအစိုးရပြည်သူတွေအပေါ် ငဲ့ညှာပြီး အရှုံးခံပါ့မလား။ နှုန်းထားတွေ တက်လာ ရင်ဖြင့် အင်း...နတ်မျက်စိနဲ့ ကြိုကြည့်လိုက်ပါ ဦးမယ်.....။

အားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါ စေ...ဝင်ငွေတွေ တိုးလို့ ကုန်ဈေးနှုန်းတွေနဲ့အညီ လိုက်လျောညီထွေ နေထိုင်နိုင်ကြပါစေလို့ မြို့တော်သူ မြို့တော်သား အပေါင်းအား မြို့စောင့်နတ်လေးက မေတ္တာပို့သလိုက်ပါတယ် ဗျား ....။

သျှင်ဝင်းသျှင်