မျိုးစေ့မှန်မှ အပင်သန်မည်

နေပြည်တော် ၉ မေ

 

မြန်မာတို့၏ဆိုရိုးစကားတွင် “မျိုးစေ့မှန်မှ အပင်သန်မည်” ဟူသော စကားရှိသည်။ “မျိုးစေ့ မမှန် အပင် မသန်”ဟူသည့် စကားပုံလည်းရှိသည်။ မျိုးကောင်း မျိုးသန့် မဟုတ်သော မျိုးစေ့မှ ပေါက်လာသည့် အပင်သည် သန်သန်စွမ်းစွမ်း ဝေဝေဆာဆာ မရှိသကဲ့သို့ မျိုးရိုးဗီဇ ပင်ကိုညံ့ဖျင်းပါက ထူးချွန်ပေါက်မြောက်နိုင်ခြင်း မရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။

 

မျိုးစေ့ဟူသည် အပင်ညှောက်ပေါက်တော့မည့် အစေ့အဆန်ဖြစ်သည်။ လူသားများတွင်မူ မိခင်ဝမ်းမှ မွေးဖွားပြီးနောက် အသိဉာဏ်ဖွံ့ဖြိုးစ ကလေးသူငယ်အရွယ်ကို ဆိုလိုသည်။ တစ်နည်းဆိုလျှင် အသိအမြင် ဗဟုသုတများ စတင်ပေးဝေရတော့မည့် ကျောင်းနေအရွယ် ကလေးငယ်များကို ဆိုချင်သည်။ ထိုအရွယ် ကလေးငယ်များအား မျိုးစေ့ကောင်းဖြစ်အောင် စတင်ပျိုးထောင်ရပေမည်။ ပညာရေးနယ်ပယ်တွင်အဓိက အကျဆုံး၊ အရေးအကြီးဆုံးမှာ အခြေခံပညာမူလတန်းအဆင့်ဖြစ်သည်။

 

ကလေးငယ်များအား သင်ကြားမှု၊ သင်ယူမှုပြုရာတွင် ပညာရေးမှသာလျှင် ပေးစွမ်းမှုပြုနိုင်သည့်အတွက် အခြေခံပညာအဆင့်မှစတင်၍ စနစ်တကျပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။ ထို့ကြောင့် ပညာရေးကဏ္ဍကို အခြေခံပညာမှစ၍ ပြုပြင်ပြောင်းလဲဆောင်ရွက်လာသည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဆရာ၊ မိဘ၊ ကျောင်းသား၊ ပြည်သူများ ပူးပေါင်းမှသာ ဆောင်ရွက်၍ ရသည်။ ပညာရေးစနစ်ကို မည်သို့ပင်ပြုပြင်ပြောင်းလဲသော်လည်း ၄င်းတို့မပူးပေါင်း မပါဝင်လျှင် မည်သို့မျှ အောင်မြင်နိုင်မည်မဟုတ်ချေ။

 

ထို့ကြောင့် ကလေးငယ်အားလုံး အခြေခံပညာသင်ယူပြီးမြောက်အောင် ဦးစွာဆောင်ရွက်ရသည်။ မကြာမီ ကာလတွင် အခြေခံပညာအဆင့် ကလေးငယ်များ ကျောင်းအပ်နှံရေး ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။ ဤတွင် ကျောင်းစနေမည့် ကလေးငယ်များ ကျောင်းတက်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးရမည် ဖြစ်သည်။ အထူးသဖြင့် ကျောင်းအပ်နှံရေးဆောင်ရွက်သည့်အခါ ကျေးလက်ဒေသနှင့် ဝေးလံသောဒေသများမှ ကလေးငယ်များအတွက် မွေးစာရင်း၊ သန်းခေါင်စာရင်း မတင်ပြနိုင်လျှင်လည်း ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်ပေးသင့်သည်။ 

 

ကလေးငယ်များအားလုံး ကျောင်းနေပြီဆိုလျှင် မျိုးစေ့မှန်ပြီး အပင်သန်မည့် ကလေးငယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လက်ဦးဆရာဟုဆိုထိုက်သည့် မိဘများက ကလေးငယ်များ ပညာသင်ကြားရေးကို အားပေးရမည်ဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများပါ ပူးပေါင်း၍ သင်ယူမှုဝန်းကျင်ကောင်းများဖြစ်အောင် ဖန်တီးပေးကြရမည်ဖြစ်သည်။

 

ပညာသင်ယူမှုတွင် မူလတန်းပညာသည် အခြေခံကျသည့် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်သဖြင့် အညွန့်အညှောက်ကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည့် ဥယျာဉ်မှူးများဖြစ်သော မူလတန်းပြ ဆရာ ဆရာမများသည် အရည်အသွေးမြင့်မားသော၊ အတွေ့အကြုံရှိသော၊ ရင့်ကျက်သော ဆရာ ဆရာမများဖြစ်ဖို့ လိုအပ်သည်။ အဆိုပါ ပညာသင်စအရွယ်မှစ၍ ကလေးငယ်များ၏ ဘဝတစ်လျှောက် မှန်ကန်သည့် သင်ယူမှုများကို စဉ်ဆက်မပြတ်သင်ယူနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

 

ကျောင်းတွင် ဆရာများ၏ ပညာသင်ကြားခြင်းနှင့် အိမ်တွင်မိဘများ၏ လမ်းမှန်ညွှန်ပြမှုများမှာလည်း အရေးကြီးပါသည်။ မိမိတို့သားသမီးများအား ဆုံးမပဲ့ပြင်ခြင်းသာမက ကလေးငယ်များ လူ့လောကသို့ စတင်ဖြတ်သန်းလှုပ်ရှားနေသောအချိန်တွင် မိခင်၊ ဖခင်တို့ ပြဿနာများအား မည်သို့ဖြေရှင်းကြပုံ၊ မည်သို့တွေးခေါ်စဉ်းစားကြပုံ၊ မည်သို့ရပ်တည်လှုပ်ရှားနေကြပုံများကို ကလေးငယ်များ နေ့စဉ်နှင့်အမျှ သင်ယူနေသည်၊ မှတ်သားနေသည်၊ အတုယူနေသည်တို့ကို သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အဖူး အပွင့် အညွန့်ကောင်းများဖြစ်လာရမည့် ကလေးသူငယ်များ မှန်မှန်ကန်ကန် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာတို့က ဝိုင်းဝန်းပျိုးထောင်စောင့်ရှောက်ပေးနိုင်ရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ