မျိုးဆက်သစ်များနှင့်အနာဂတ်ပြည်ထောင်စ

လက်ရှိအချိန်တွင်    အသက်    ၁၈    နှစ်ပြည့်ပြီး    အရွယ်ရောက်လာသူလူငယ်များတွင် ထူးခြားချက်များရှိသည်။  ၄င်းကို  မွေးဖွားခဲ့ချိန်သည်နှစ်ပေါင်းထောင်ချီမှ  တစ်ခါကြုံရသည့်    ထောင်စုနှစ်အကူးအပြောင်း ကာလဖြစ်သလို ရာ စုနှစ်အကူးအပြောင်းကာလလည်းဖြစ်သည်။ ထို့အပြင်၂၀ ရာစုမှ ၂၁ ရာစုသို့ အကူးအပြောင်းကာလ ကမ္ဘာ့နိုင်ငံရေး  အခြေအနေ မှာလည်း ထူးခြားသည့် အရွှေ့အပြောင်းဖြစ်လာသည်။ ၂၀  ရာစုကာလအတွင်း  ဝါဒပြိုင် နိုင်ငံအုပ်စုကြီးနှစ်ခု ရှိခဲ့ရာ မှ  ၂၁  ရာစုသို့  ချင်းနင်း ဝင်ရောက်လာချိန်တွင် အုပ်စုကြီးတစ်စုမှာ  ပြိုလဲသွားသည်။  ထိုအခါ နိုင်ငံရေး၊ စစ်ရေးတို့အရ ကမ္ဘာကိုလွှမ်းမိုးနိုင်သူ မဟာအင်အားကြီးနိုင်ငံမှာ  တစ်နိုင်ငံတည်းသာ ကျန်ရစ်သည်။


သို့ရာ တွင် ၂၁ ရာစု ကမ္ဘာ့စီးပွားရေးအခြေအနေမှာမူ တစ်မျိုးတစ်ဖုံဖြစ်လာသည်။ ကမ္ဘာ့စီးပွားရေး၏ အချက်အချာသည် အနောက်မှ အရှေ့သို့ရွေ့လာသည်။ တစ်ချိန်က  ဆင်းရဲတွင်းနက်ခဲ့သော အာရှနိုင်ငံကြီးနှစ်နိုင်ငံမှာ  ကမ္ဘာ့စီးပွားရေးနယ်ပယ်ထဲသို့  တိုးဝင်လာခဲ့ပြီး  အင်အားကြီးနိုင်ငံများ စာရင်းဝင်လာခဲ့သည့်အလျောက် ကမ္ဘာအရပ်ရပ်မှ သယံဇာတကုန်ကြမ်း များနှင့် စွမ်းအင်အရင်းအမြစ်များ သယ်ယူရာ၊ ကလေးကစားစရာမှသည်နည်းပညာမြင့်  ထုတ်ကုန်များ၊    စစ်လက်နက်အမာထည်များ    စသည့်ကုန်ချောများပို့ဆောင်ရာ     အိန္ဒိယသမုဒ္ဒရာ နှင့်  ပစိဖိတ်သမုဒ္ဒရာ တို့မှကုန်သွယ်ရေလမ်းကြောင်းများ၊  ယင်းသမုဒ္ဒရာများ၏  ကမ်းရိုးတန်းများမှနိုင်ငံများမှာ  ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါလာသည်။


မြန်မာနိုင်ငံသည်  အိန္ဒိယသမုဒ္ဒရာ နှင့် ဘင်္ဂလားပင်လယ်အော်တို့ကိုမျက်နှာမူထားသော  ရှည်လျားသည့်ကမ်းရိုးတန်းကို  ပိုင်ဆိုင်ထားသည့်နိုင်ငံ၊ အာရှအင်အားကြီးနိ်ုင်ငံ နှစ်နိုင်ငံနှင့်  ဒေသဆိုင်ရာ အုပ်စုနှစ်စုဖြစ်သော တောင်အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ကြားတွင်ပေါင်းကူးတံတားသဖွယ်  တည်ရှိနေသော   နိုင်ငံဖြစ်ရာ    မဟာဗျူဟာ  အချက်အချာကျသောနေရာ၌ တည်ရှိနေခြင်းဖြစ်သည်။ အချက်အချာ   ကျသည့်အလျောက်  အခွင့်အလမ်းကောင်းများ  ရှိနေသလို  အဖိုးတန်ရတနာကို ပိုင်ဆိုင်ထားသူသည် လုံခြုံရေးကို ဂရုစိုက်ရသကဲ့သို့ မိမိတို့တွင်တောင့်တင်းခိုင်မာသော အင်အားကို တည်ဆောက်ထားရမည်ဟု သတိချပ်ထားကြရမည်ဖြစ်သည်။နိုင်ငံ့အင်အား      ခိုင်မာတောင့်တင်းရေးဟုဆိုရာ တွင်  အဓိကအကျဆုံး  အင်အားစုကြီးသုံးရပ်ဖြစ်သည့်  နိုင်ငံရေး အင်အား၊      စီးပွားရေးအင်အား၊      ကာကွယ်ရေးအင်အားတို့   ခိုင်မာ တောင့်တင်းရေးအတွက်  အလေးအနက်  ကြိုးပမ်းတည်ဆောက်ကြရမှာ  ဖြစ်သည်။ ထို့အပြင် အင်အားကြီးသုံးရပ်မှာလည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးပြုဆက်စပ်နေသည်ကို သတိမူကြရမည်ဖြစ်သည်။


နိုင်ငံရေးအင်အားဟုဆိုရာ တွင် မိမိတို့ပြည်ထောင်စုအတွင်း မှီတင်း  နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအားလုံး တစ်သွေးတစ်သားတည်း စိတ်ဓာတ်ဖြင့်    ရာသက်ပန်     စည်းလုံးညီညွတ်ကြရမှာ  ဖြစ်သည်။ တိုင်းရင်းသား   စည်းလုံးညီညွတ်ရေးအတွက်    ပြည်ထောင်စုကြီး၏ တစ်နေရာနှင့်   တစ်နေရာ   ရေ၊   မြေ   မခြားစေရေး   လမ်းတံတားများ တည်ဆောက်မြှင့်တင်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးတို့ကို နိုင်ငံတော်က စဉ်ဆက်မပြတ်      ဆောင်ရွက်ပေးလျက်ရှိသည်။      နိုင်ငံရေးအင်အား ကောင်းကာ ငြိမ်းချမ်းတည်ငြိမ်လာသည်နှင့်အမျှ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့်   စီးပွားရေးအခြေခံကောင်းများ   ဖန်တီးပေးလာနိုင်သည့်ဒေသများလည်း စံနမူနာအဖြစ် တည်ရှိလာနေပြီဖြစ်သည်။


ပြည်ထောင်စုဖွား မျိုးဆက်သစ်လူငယ်များအနေဖြင့် ပြည်ထောင်စုကြီး၏ မည်သည့်ဒေသတွင်  နေထိုင်သည်ဖြစ်စေ  ပညာပြည့်ဝနှလုံးလှသူများအဖြစ်  မိမိကိုယ်ကို    ကောင်းအောင်ကြိုးပမ်းကာ    အနာဂတ်တွင်နိုင်ငံတော်၏    တာဝန်များကို    ပခုံးပြောင်းထမ်းဆောင်နိုင်ကြပါစေ ကြောင်း။        ။


မြန်မာ့အလင်း