မျိုးဆက်သစ်ရင်ပြင်

(၁) ပြေးလွှားဆော့ကစားနေသော ရွယ်တူ ကလေးများကိုမြက်ခင်းပေါ်မှ ထိုင်ကြည့်ပြီး မောင်ဇော် အားကျနေမိသည်။ အခုလို ငေးကြည့်နေတာတောင် သူ့အတွက် အလွန် အခွင့်အရေးရသည်ဟု ဆိုရမည်။ အိမ်ထဲကနေ အိမ်ပြင်ထွက်ရန်ပင် မလွယ်ကူသော သူ့ကို အမေ့ဆီမှ မရမကခွင့်တောင်းပြီး ခေါ်လာပေးသော ဦးလွင်ကို ကျေးဇူးတင်မိသည်။ ပြင်ပမှ ထိတွေ့လာသော လေညင်းလေးများက သူ့အတွက်လတ်ဆတ်လွန်းလှသည်။ ဦးလွင်ကတော့ သူနှင့်မလှမ်းမကမ်းတွင်ရှိနေသည်။

ထိုစဉ်မှာပင် သူ့အနားသို့ ရွယ်တူကောင် လေးနှစ်ယောက် ရောက်လာသည်။ သူနှင့် မသိပေမယ့် ပြုံးပြလိုက်သည်။

“ငါတို့နဲ့ကစားမယ် ပါမလား”

တစ်ယောက်က သူ့ကိုစကားဆိုလိုက်သည်။ သူကတော့ ပြုံးရင်းခေါင်းခါလိုက်သည်။

“မင်းကိုတစ်ခါမှမတွေ့ဖူးဘူး။ ဒီပန်းခြံ ထဲလာဆော့တဲ့သူမှန်သမျှ ငါတို့အကုန်သိတယ်။ မင်းက ဒီရပ်ကွက်ကို အခုမှပြောင်းလာတာလား”

နောက်တစ်ယောက်က သူ့ကိုစကားထပ် ဆိုလာပြန်သည်။ သူညင်သာစွာပင် ခေါင်းထပ် ခါလိုက်သည်။ သူ့အပြုအမူကြောင့် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းကုတ် သွားကြတော့သည်။ ထို့ကြောင့်ပင် သူရှင်းပြ လိုက်တော့သည်။

“ငါ့နာမည်က ဖိုးဇော်ပါ ငါတို့ကဒီကို ပြောင်းလာတာကြာပြီ ငါကအပြင်သိပ်မထွက် ဖြစ်လို့ပါ”

“ဟုတ်လား ငါ့နာမည်က အောင်ကို သူ့နာမည်က ရဲရဲ မှတ်ထားနော်။ မင်းငါတို့နဲ့ လာဆော့ပါလား”

“ငါကဆော့ချင်ပါတယ် ဒါပေမယ့် ငါက ဆော့လို့မရဘူးကွ”

“ဘာဖြစ်လို့လဲ”

သူ့စကားကြောင့် အောင်ကိုရော ရဲရဲပါ အံ့အားသင့်စွာ မေးခွန်းထုတ်လာကြတော့သည်။ ထိုစဉ်မှာပင် ဦးလွင်သည် သူတို့အနားသို့ ရောက်ရှိလာတော့သည်။

“ငါ့တူ ဘာတွေပြောနေတာလဲ၊ ကဲ ဆေးသောက်ချိန်နီးပြီ အိမ်ပြန်ကြမယ်နော်”

“ဟုတ်ကဲ့ ရဲရဲနဲ့အောင်ကို ငါပြန်ရတော့မယ် သွားတော့မယ်နော်”

သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။ ဦးလွင်ကတော့ သူ့ကိုကြည့်ရင်း အံ့အားသင့်စွာ ခေါင်းခါနေခဲ့သည်။ ထို့နောက် ဦးလွင်က သူ့ကိုပွေ့ချီပြီး သစ်ပင်အနောက်တွင်ထားသော ဝှီးချဲပေါ်သို့တင်ကာ တွန်းသွားတော့သည်။ အောင်ကိုနှင့်ရဲရဲတော့ သူ့ကိုအထူးဆန်းသဖွယ် ကြည့်နေကြမည်ဆိုတာကို ကျောခိုင်းထားပေမယ့် သိနေခဲ့ပါသည်။

(၂)“မောင်လွင် နင်ကလေ ကလေးကို ဆေးသောက်ချိန်နောက်ကျမယ်ဆိုတာ ပြောထားရက်နဲ့ အခုနောက်ကျဖြစ်အောင်နောက်ကျသေးတယ်”

“ဪ အစ်မရယ် ကလေးက အိမ်ထဲမှာ ချည်းနေနေရတာ တစ်ခါတလေလေး အပြင် ထွက်ရတာ နည်းနည်းနောက်ကျလို့ ဘာမှ မဖြစ်ပါဘူးဗျာ”

“ဘာမှမဖြစ်ဘူး မပြောနဲ့ဟဲ့ သားအကြောင်းလည်း နင်သိနေတာပဲ ငါ့သားကို အိမ်မှာလိုလေသေးမရှိအောင်ထားတာ အပြင်တောင် ထွက်စရာမလိုဘူး”

“အစ်မတို့က ပိုကိုပိုလွန်းပါတယ်ဗျာ”

ဦးလွင်က မကျေနပ်သံဖြင့် ပြောပြီး အိမ်ပေါ်ထပ်သို့တက်သွားသည်။ သူ့ကြောင့် အမေ နှင့်ဦးလေးတို့ စကားများကြတော့ စိတ်မကောင်းဖြစ်မိသည်။ အသက်ဆယ့်တစ်နှစ်ပင်ရှိသော်လည်း ပြင်ပလောကနှင့်အဆက်အသွယ်ပြတ်နေသော သူ့ကို ဦးလွင်က အားရင်အားသလို အမေ့ပြောပြီး ခေါ်သွားလေ့ရှိသည်။ အမေကလည်းသူ့ကိုချစ်ပါသည်။ အဖေကတော့ သူသုံး နှစ်သားအရွယ်မှာပင် ကားအက်ဆီးဒင့်ဖြစ်၍ ဆုံးပါးသွားခဲ့သည်။ ချမ်းသာသောမိသားစု အသိုင်းအဝိုင်းရှိ၍သာ တော်သေးသည်ဟုဆိုရမည်။ ဦးလွင်ကတော့ အမေ့၏မောင်ဖြစ်ပြီး အမေ့၏ အထည်ဆိုင်လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ကာ အိမ်မှာပင်နေထိုင်ခဲ့သည်။

သို့ရာတွင် မွေးရာပါခြေထောက်မသန်တဲ့ အပြင် နှလုံးရောဂါအခံကလည်းရှိသေးတော့ နေအိမ်တွင်ပင် ဆေးဝါးတွေနဲ့နေ့စဉ်ထိတွေ့ရင်းရှင်သန်ခဲ့ရသည်။ သူများတွေလို ကျောင်းတက်ခွင့်မရတော့ အိမ်မှာပင်ရေးတတ်ဖတ်တတ်အောင် ငယ်စဉ်ကတည်းက ဆရာမ တစ်ယောက်အိမ်ခေါ်၍ သင်ကြားစေခဲ့သည်။ ကံတရားက သတ်မှတ်ပေးခဲ့သော ဒုက္ခိတဘဝမို့ အရာအားလုံး၏ ဂရုစိုက်မှုကိုခံခဲ့ရသော်လည်း ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။

(၃)အိပ်ရာထဲရောက်နေပေမယ့် သူအိပ်မပျော်ပါ။ ဟိုဒီတွေးပြီး အိပ်မရဖြစ်နေခဲ့သည်။ ညနေ ကတွေ့ခဲ့သော အောင်ကိုနှင့်ရဲရဲကို သတိရမိသည်။ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ သူ့ဘဝမှာမရှိခဲ့သလို ညီအစ်ကိုမောင်နှမဆို တာလည်းမရှိခဲ့ပါ။ သူ့ကိုခင်ခင်မင်မင်နှင့် စကားလာပြောသော သူငယ်ချင်းနှစ်ယောက်ကို သူခင်မိသည်။

အမေသည် သူ့ကိုစိတ်ပူလွန်းအားကြီးသည်။ သူကလည်း ကြာလာတော့ လူမမာ တစ်ယောက်လို အိမ်ထဲချည်းနေရတာကို စိတ်ညစ်လာသည်။ အိမ်ထဲတွင်လိုလေသေး မရှိပေမယ့် သူ၏ စိတ်အစဉ်သည် သာယာ ပျော်ရွှင်မှုနှင့် ကင်းကွာနေခဲ့ရသည်။

ဘဝပေးက ဒုက္ခိတအခြေအနေဖြစ်နေပေမယ့်လည်း လွတ်လပ်စွာဖြင့် ပြင်ပလောကနှင့် ထိတွေ့ချင်သည်။ အမေ့ကို ပြောပြန်လျှင်လည်း စကားသာ အဖတ်တင်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် အားကိုးရသော ဦးလွင်ကိုပင် အကူအညီတောင်းရန်ဆုံးဖြတ်ပြီး အိပ်လိုက်တော့သည်။

(၄)“ဒီနေ့တော့မသွားနဲ့ဦး သားရဲ့နောက်နေ့မှ ဦးလွင်ပြောပေးမယ်”

သူစိတ်ပျက်ပြီး နှုတ်ခမ်းလေးစူလိုက်မိသည်။ ရင်ထဲတွင်လည်း စိတ်မကောင်းဖြစ်မိသည်။ သူ့ကိုကြည့်ရင်း ဦးလွင်လည်း စိတ်မကောင်းဖြစ်သွားလောက်ပါသည်။

“ကဲ သားဆော့ချင်ရင် ဒီအပေါ်ထပ်မှာ ဆော့လေ ဦးလွင်က သားအမေကိုပြောချင်ပေမယ့် မနေ့ကပဲ ရန်ဖြစ်ထားတာလေ ကဲ ဒီပေါ်မှာကြိုက်သလောက်ဆော့ အောက်ထပ်ဆင်းချင်တယ်ဆိုရင် ဦးလွင်ကိုပြော လှေကားနား တော့မသွားနဲ့ ဟုတ်ပြီလား”

“ဟုတ်ကဲ့”

ပြောသာပြောလိုက်ရသည်။ သူ့စိတ်ထဲတွင်တော့ အောင်ကိုနှင့်ရဲရဲကိုသာ တွေ့ချင်နေမိသည်။ ဦးလွင်ကလည်း စာဖတ်နေသည်ဖြစ်၍ အနှောင့်အယှက်မပေးချင်တဲ့အတွက် သူ့ဘာသာ သူဝှီးချဲပေါ်ထိုင်ရင်း တွန်းနေလိုက်တော့သည်။

(၅)သူအလွန်ကိုပေါ့ပါးနေခဲ့သည်။ သူတကယ် တွေ့ချင်နေသော သူငယ်ချင်းနှစ်ယောက်ဆီသို့ အမြန်ပြေးသွားနေခဲ့သည်။ သူဘာတွေဖြစ်ခဲ့ လဲဆိုတာကိုတော့ သူမသိပါ။ သူနောက်ဆုံး မှတ်မိတာတစ်ခုကတော့ အပေါ်ထပ် လှေကားပေါ်မှနေပြီး ဝှီးချဲနှင့်အတူ သူအောက်သို့ ပြုတ်ကျခဲ့ရသည်။ ကျန်တာတော့ သူဘာမှမမှတ်မိပါ။ သူ့ကိုယ်သူ သူမှန်းမဟုတ်သလိုပင် အလွန်ကိုသွက်လက်နေခဲ့သည်ကိုလည်း သတိမထားနိုင်ပါ။ သူမှတ်မိတာတစ်ခုတော့ရှိသည်။ အိမ်တွင် အမေရော ဦးလွင်ပါ ငိုကြွေးနေကြသည်။

ဒီလိုနဲ့ သူပန်းခြံသို့ ရောက်ရှိခဲ့သည်။ အောင်ကိုနှင့်ရဲရဲကို လိုက်ရှာနေသော်လည်း မတွေ့ရပါ။ နောက်ဆုံး ကစားနေတဲ့ကလေး တွေကြားထဲသွားပြီး မေးလိုက်တော့သည်။

“အောင်ကိုနဲ့ရဲရဲကို တွေ့မိလားဟင် အောင်ကိုနဲ့ ရဲရဲဘယ်မှာရှိမလဲ ပြောပြပါလား”

သူကသာမေးနေသည်။ တစ်ယောက်မှ သူ့ကိုပြန်မပြောကြပါ။ သူ့ကိုလည်းမြင်ဟန် မတူကြပါ။ တစ်ယောက်ပြီးတစ်ယောက် သူ့ကိုဝင်တိုက်သွားကြသည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုဂရုမစိုက်ကြပါ။ ဒီလောက်ဆို သူ့ကိုယ်သူနားလည်လာ ပြီဖြစ်သည်။ ဆို့နင့်လာသောကြေကွဲမှုနှင့် အတူငိုချင်လာမိသည်။ သူ့ကို ဘယ်သူမှမမြင် ရတော့ဘဲ သူကသာအရာအားလုံးကိုမြင်နေခဲ့ရသည်။ အကြောင်းအကျိုးဖြစ်စဉ်တွေကို ဆက်စပ်ကြည့်လိုက်သောအခါ သူဟာသေဆုံး သွားခဲ့ပြီဖြစ်မှန်း သိလိုက်ရတော့သည်။ ထို့ကြောင့် သူအားရပါးရငိုကြွေးလိုက်သည်။

“ဖိုးဇော်”

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ အောင်ကိုနှင့်ရဲရဲကို တွေ့လိုက်ရသည်။ သူ့ကို မြင်တွေ့နေသော သူတွေရှိသေးသည့်အတွက် သူအားတက်မိသည်။

“အောင်ကိုနဲ့ရဲရဲ ငါမင်းတို့နှစ်ယောက်ကို လိုက်ရှာနေတာကြာပြီ မင်းတို့ငါ့ကိုမြင်ရတယ်နော် ငါ့ကိုဘယ်သူမှမမြင်ကြတော့ဘူးကွ”

“မြင်ရတာပေါ့ ဖိုးဇော်ရာ ငါတို့က မင်းကို ခင်တာကိုး”

ရဲရဲက ထိုသို့ပြောလိုက်သည်။ အောင်ကိုကလည်း သူ့ကိုခေါင်းညိတ်ပြသည်။

“သူများတွေက ငါ့ကိုမမြင်ရတော့ဘူးကွ မင်းတို့နှစ်ယောက်လည်း ငါ့ကိုမမြင်ရတော့ဘူးထင်ပြီး ငါငိုနေတာ မင်းတို့ကိုကျ ဘာလို့ မြင်ရတာလဲဟင်”

သူ၏အမေးစကားကို ထိုနှစ်ယောက်က ချက်ချင်းမဖြေသေးဘဲ တစ်ယောက်ကိုတစ် ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် အောင်ကိုက ပြောတော့သည်။

“မင်းကလည်း ငါတို့ကိုခင်တယ် ငါတို့က လည်းမင်းကိုခင်တယ်၊ ဒါကြောင့်ပေါ့ကွာ မင်းကိုငါတို့ပဲမြင်နိုင်သလို ငါတို့ကိုလည်းမင်းပဲ မြင်နိုင်ခဲ့တာကိုးကွ”

“ဘယ်လို”

“ဟုတ်တယ် အောင်ကိုပြောတာမှန်တယ် ဟိုနေ့ကငါတို့စတွေ့ခဲ့တဲ့နေ့က မင်းပဲငါတို့ကို မြင်ခဲ့တာလေ မင်းနဲ့အတူပါလာတဲ့ဦးလေး တောင် ငါတို့ကိုမြင်မှမမြင်ခဲ့ရတာ မင်းသတိ မထားမိတာနေမယ်၊ ကဲပါ အခုငါတို့ကစားကြရအောင်နော်”

ဟုတ်ပါတယ်။ သူဘာမှ ဆက်မသိချင်တော့ပါ။ သေချာတာကတော့ သူတို့သုံးယောက်လုံးဟာ အဆိပ်သင့်နေတဲ့လိပ်ပြာတွေဆိုတာ သူနားလည်ခဲ့ရပြီဖြစ်သည်။ အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး သူငယ်ချင်းနှစ်ယောက်နှင့် ပျော်ရွှင်စွာကစားကြရန် ဆုံးဖြတ်လိုက်တော့သည်။ တကယ်လို့သာ အောင်ကိုနဲ့ရဲရဲက လွန်ခဲ့သောနှစ်နှစ်က ပန်းခြံထဲရှိရေကန်တွင်ရေနစ်သေဆုံးခဲ့သော ကလေးနှစ်ယောက် ဖြစ်မှန်းသာ သိခဲ့ပါလျှင်။ ။

ဝင်းကျော်ထွေး(ပညာရေး)