မျိုးဆက်သစ်တို့ကို ချစ်ပါ၊ မနှစ်ပါနဲ့

၂၇ ဒီဇင်ဘာ

တိုးတက်ပြောင်းလဲလာသော    ခေတ်နှင့်အညီ    ကလေးသူငယ်များ၏ အားလပ်ချိန် အသုံးပြုပုံလည်း ပြောင်းလဲလာကြပါသည်။ ကျွန်မတို့ ငယ်စဉ်က အားလပ်ချိန်တွင် ရပ်ကွက်ထဲက ကလေးများ စုပေါင်း၍ အိမ်ပြင်ထွက် ကစား ကြပါသည်။ လမ်းလျှောက် ထွက်ကြပါသည်။ ကျွန်မတို့သည် လူကြီးများ ဝယ် ပေးထားသော ပုံပြင်စာအုပ်များ၊ ကာတွန်းစာအုပ်များ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်များကို အချိန်တစ်ခု သတ်မှတ်၍ ဗဟုသုတ အနေဖြင့် လည်းကောင်း၊ အပျင်းပြေအနေဖြင့်လည်းကောင်း ဖတ်ရှုကြရာမှ စာဖတ် ခြင်းသည် ဝါသနာဖြစ်လာသည်။ စာဖတ်ဝါသနာပါရုံတင်မက စာရေးရာ တွင်လည်း အထောက်အကူများ ဖြစ်လာစေသည်။ အသိပညာ  ဗဟုသုတ တိုးပွားလာပါသည်။ ယနေ့ခေတ်ကဲ့သို့  အိုင်တီခေတ်ကြီးတွင်   ကလေး အများစုသည်   အိမ်ပြင်မထွက်ဘဲ   အခန်းအောင်း၍   မိုဘိုင်းဖုန်းဖြင့် ဖုန်းပြောခြင်းအပြင် အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုဖိုင် များကြည့်ခြင်း အစရှိသည်တို့ ပြုလုပ်ကြပြီး အချိန်ကုန်သည်က များလာ ပါသည်။

နည်းပညာပြောင်းလဲ တိုးတက်လာခြင်းသည် အကောင်း၊ အဆိုး ဒွန်တွဲ လျက်ရှိပါသည်။ လေ့လာသင်ယူရန် အခွင့်အလမ်းများစွာ ရနိုင်သကဲ့သို့ မိုဘိုင်းဖုန်းများမှ ထွက်ရှိသော ဓာတ်ရောင်ခြည်ဖြာထွက်မှုက သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ် မေလတွင် အတည်ပြုပြောကြားထားပါ သည်။

မိုဘိုင်းဖုန်းမှ  ထွက်ရှိလာသော ဓာတ်ရောင်ခြည်၏ ထက်ဝက်ခန့်ကို လူ၏ ခန္ဓာကိုယ်နှင့် ဦးနှောက်က စုပ်ယူနေကြောင်း၊ ဦးနှောက်နှင့်အာရုံကြော ဖွံ့ဖြိုးဆဲဖြစ်သော၊ ဦးခေါင်းခွံပါးသော ဆယ်နှစ်အောက် ကလေးငယ်များတွင် စုပ်ယူမှုပိုများကြောင်းကို သုတေသနပညာရှင် Om P Ganhdi နှင့်အဖွဲ့က ၁၉၉၆ ခုနှစ်တွင် ပုံ (၁) ပါအတိုင်း လေ့လာတွေ့ရှိခဲ့ပါသည်။

လူကြီးတစ်ဦးထက် ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦး၏ ဦးနှောက်နှင့် ဦးခေါင်းခွံမှ  ဓာတ်ရောင်ခြည်   စုပ်ယူနှုန်းသည်   ၁၀ ဆပိုများကြောင်းကို သုတေသနပညာရှင် Fernandez နှင့် အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ပုံ (၂) ပါ အတိုင်း လေ့လာတွေ့ရှိခဲ့ပါသည်။

အထူးသဖြင့် မိုဘိုင်းဖုန်းကို wifi, 3G, 4G စသဖြင့် ချိတ်ဆက်ပြီး အသုံးပြု နေသည့် အချိန်များတွင် ကလေးငယ်၏ ဦးနှောက်ကို ပြင်းပြင်း ထန်ထန် ထိခိုက်စေနိုင်ပါတယ်။ နို့စို့အရွယ် ကလေးငယ်များကို နို့ချိုတိုက်ကျွေးနေစဉ်၊ ကလေးငယ်ကို ပေါင်ပေါ်တင်ထားစဉ်၊ ရင်ခွင်ထဲပွေ့ထားစဉ် မိုဘိုင်းဖုန်း အသုံးမပြုသင့်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။

မိုဘိုင်းဖုန်းသုံးစွဲချိန် များလာပါက အမြင်အာရုံကိုလည်း ထိခိုက်နိုင်ပါ သည်။ အထူးသဖြင့် ကလေးငယ်များသည် အရာရာကို စူးစမ်းလေ့လာ စိတ်ရှိသည့်အတွက် မျက်နှာနှင့် နီးနီးကပ်ကပ်ထားပြီး သေချာ အာရုံစိုက်ကြည့် တတ်သည့်    အလေ့အကျင့်ရှိသောကြောင့်    ပို၍ထိခိုက်စေပါသည်။  တောင် ကိုရီးယားနိုင်ငံတွင်  ၂၀၁၆ ခုနှစ်၌   လေ့လာတွေ့ရှိချက်အရ   မိုဘိုင်းဖုန်း အသုံးပြုချိန်များပါက ပုံ (၃) ပါအတိုင်း Crossed Eyes (မျက်လုံးနှစ်လုံး၏ မြင်ကွင်းမတူဖြစ်လာခြင်း) ဖြစ်စေနိုင်သဖြင့် တစ်ကြိမ်တွင် မိနစ် ၃၀ ထက် ပို၍ မိုဘိုင်းဖုန်း မသုံးသင့်ကြောင်း၊ တစ်နေ့လျှင် အများဆုံးအချိန်  နှစ်နာရီ ခန့်သာ အသုံးပြုသင့်ပါကြောင်း ပညာရှင်များက အကြံပြုထားကြပါသည်။

မဖြစ်မနေ မိုဘိုင်းဖုန်းအသုံးပြုပါကလည်း ကိုင်တွယ်အသုံးပြုသည့် အနေအထားမှန်ရန် အရေးကြီးပါသည်။ မိုဘိုင်းဖုန်း ကိုင်တွယ်အသုံးပြုစဉ် ဦးခေါင်းကို မတ်မတ်ထားသင့်ကြောင်း၊ ကျောရိုးနဲ့အပြိုင် တစ်ဖြောင့်တည်း ထားသင့်ကြောင်း၊ ဦးခေါင်းငုံ့ထားပြီး ခါးကိုင်းနေသည့် အနေအထားဖြင့် ဖုန်းအသုံးပြု ပါက ကျောရိုးပေါ်သို့ ဝန်ပိစေပြီး ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ပုံ (၄) ပါ အတိုင်း Texting Neck ဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် နာရီများစွာ မိုဘိုင်းဖုန်းအသုံးပြုပါက ၇ နှစ်ခန့်အရွယ် ကလေးငယ်များတွင် ကျောရိုး ပုံစံမမှန် ကွေးသွားပြီး ခါးကုန်းကြီး ဖြစ်သွားနိုင်ကြောင်းကို ကျောရိုးနှင့် အဆစ်အမျက်  ပညာရှင် Dr James Carter က ၂၀၁၅ ခုနှစ်တွင် ပြောကြားခဲ့ပါသည်။

မိုဘိုင်းဖုန်း အသုံးပြုစဉ် ဦးခေါင်းကိုထားရှိသည့် အနေအထားပေါ် မူတည်၍ လည်ပင်းပိုင်းတွင် ဝန်ပိုလာနိုင်ကြောင်းကို ပုံ (၅) ပါအတိုင်း ပညာရှင်များက ထောက်ပြထားပါသည်။ ဦးခေါင်း ပိုငုံ့လေလေ လည်ပင်းပိုင်းက ဦးခေါင်းကို ထိန်းထားရသည့် အလေးချိန်ပိုလေလေ ဖြစ်လာနိုင်ပါသည်။ ခေါင်းကို အမြဲ အောက်စိုက်ပြီး ဖုန်းကို ငုံ့ကြည့်နေပါက ဇက်ကြောတက်ခြင်း၊ ပခုံး၊ အရိုး အဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ကျီးပေါင်းတက်ခြင်း၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသည့်အတွက် အရိုးအဆစ်များ ပျော့ခွေလာခြင်း အစရှိသည်တို့ ဖြစ် လာနိုင်ပါသည်။

ရုရှားနိုင်ငံရှိ ပညာရှင်များက မိုဘိုင်းဖုန်းဖြင့် ဖုန်းပြောပါက တစ်ကြိမ် လျှင် ၃ မိနစ်ထက် ပိုမပြောသင့်ကြောင်း၊ တစ်ကြိမ် ဖုန်းပြောပြီးတိုင်း ၁၅ မိနစ် ခန့်ကြာမှ နောက်တစ်ကြိမ် ဖုန်းပြောသင့်ကြောင်း၊ ထို့အပြင် ၁၆ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ မိုဘိုင်းဖုန်း အသုံးမပြုသင့်ကြောင်း တို့ကို အကြံပြုထားကြောင်း ပညာရှင် Don Maisch က ၂၀၀၃ ခုနှစ်တွင် သုတေသနစာတမ်း၌ ရေးသားဖော်ပြခဲ့ပါသည်။

သုတေသန ရလဒ်များအရ ကမ္ဘာ့နိုင်ငံများတွင်လည်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ မိုဘိုင်းဖုန်းသုံးစွဲမှုကို အကန့်အသတ်များ ပြုလုပ်ထားကြပါသည်။ ကလေးငယ်များကို မိုဘိုင်းဖုန်းပေးသုံးခြင်းသည် ချစ်ရာ မရောက် နှစ်ရာရောက်ပါသည်။ ကလေးသူငယ်များနှင့် အတူနေ ဘိုးဘိုး ဘွား ဘွား၊ ဖေဖေမေမေ၊ ဦးဦးဒေါ်ဒေါ်၊ ကိုကို မမများက မိမိတို့၏ ကလေးငယ်များ ဖုန်းသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် မိမိကိုယ်တိုင်က အချိန်အတော်များများ ဖုန်းအလွန်အကျွံ အသုံးပြုခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။ စာဖတ်တတ် သည့်အရွယ် ကလေးများကို မိုဘိုင်းဖုန်း၏ ဆိုးကျိုးများအကြောင်း  ရေးသားထားသည့် စာအုပ်များ၊ ဆောင်းပါးများကို ပေးဖတ်သင့်ပါသည်။ စာမဖတ်တတ် သေးသော ရင်သွေးငယ်များကိုလည်း သဘောပေါက်နားလည်အောင် ပြောပြ သင့်ပါသည်။ ဖုန်း အသုံးပြုသည့်အချိန် နည်းသထက်နည်းလာအောင် စာအုပ် ဖတ်သည့် အလေ့အကျင့်၊ ပန်းချီဆွဲသည့် အလေ့အကျင့်၊ နံနက် စောစောလမ်း လျှောက်သည့် အလေ့အကျင့်၊ အားကစား ပြုလုပ်သည့် အလေ့အကျင့် အစရှိသည့် အခြားအခြားသော အစားထိုးနည်းများကို စိတ်ဝင်စားလာအောင် ဆွဲဆောင်သင့်ပါသည်။

မိုဘိုင်းဖုန်းအလွန်အကျွံ သုံးစွဲခြင်းကို တားဆီးကာကွယ်ခြင်းအားဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသော မျိုးဆက်သစ်များ ရရှိလာနိုင်မည် ဖြစ်ပါသည်။ နောင်တစ်ခေတ်မှာ နိုင်ငံအတွက် အားထား ရမည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာမည့် မိမိတို့၏ သားငယ် သမီးငယ် များ၊ မျိုးဆက်သစ်များ တိုးတက်ဖို့ မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ၊ မျိုးဆက် သစ်တို့ကို မနှစ်မိစေရန် အရေးကြီးပါသည်။ ရင်သွေးငယ် မျိုးဆက်သစ်တို့ကို မှန်မှန်ကန်ကန် ချစ်တတ်ကြရန် ဆန္ဒပြုလိုက်ရပါသည်။   ။

ယုခိကို (မွေး/ဆေး)