မျိုးစုံဇီဝ ထိန်းသိမ်းကြ

ဒေါက်တာစန်းဝင်း၊ ဇော်ဝင်းမြင့် (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း)

 

သူ့နာမည်က အိုနိချိ - အမည်အပြည့်အစုံက Shingo Onishi ဂျပန်လူမျိုး။ ကျွန်တော်နဲ့သိခဲ့တာက ၁၉၉၂ ခုနှစ်။ မှော်ဘီ CFDTC (Central Forestry Development Training Center) လို့ခေါ်တဲ့ ဗဟိုသစ်တောလုပ်ငန်းအတတ်ပညာသင်တန်းကျောင်းမှာပါ။ Onishi က အဲဒီကျောင်းမှာ ဂျပန်ကျွမ်းကျင်ပညာရှင်အနေနဲ့။ ကျွန်တော်တို့က မြန်မာသစ်တောဦးစီးဌာနမှ သင်တန်းဆရာလေးတွေပေါ့။

ဂျပန်ပညာရှင်တွေနဲ့ အတူတကွအလုပ်လုပ်ကြရတာမို့ သူတို့ရဲ့ အချိန်လေးစားမှု၊ ကြိုးစားမှု၊ အလုပ်တိုင်းကို Plan လေးတွေချပြီး သေချာအောင်လုပ်တတ်မှု၊ နေ့စဉ်လုပ်ကိုင်မယ့် အလုပ်တွေ မမေ့အောင်လို့ လက်ထဲမှာ မှတ်စုစာအုပ်အသေး လေးတွေကိုင်ထားပြီး အဲဒီမှတ်စုစာအုပ်မှာရော၊ လက်ကိုင် စာအုပ်ထဲပါတဲ့ ပြက္ခဒိန်ထဲမှာရော မှတ်လေ့ရှိတာတွေ လေ့လာအတုယူရပါတယ်။ တစ်ခုတော့ရှိတာပေါ့လေ၊ ဂျပန်စာကို ဘယ်ညာ၊ ညာဘယ်၊ အထက်အောက် နှစ်သက်သလိုရေးလို့ ရပြီး Kanji နဲ့ရေးရတာဆိုတော့ စာရေးရမယ့်အကွက်လေးတွေ သေးပေမယ့် ရေးလို့ နေရာဆံ့တယ်။ ကျွန်တော်တို့က သစ်တောသမားတွေဆိုတော့ အဲဒီအလေ့အကျင့်နဲ့ သိပ်မစိမ်းလှဘူး။ ဘာလို့လဲဆိုတော့ သစ်တောသမားတွေက ၁၅ ရက်တစ်ကြိမ် နေ့စဉ်မှတ်တမ်းရေးပြီး အထက်လူကြီးကို ရေးသားတင်ပြရတဲ့ ဌာနဆိုင်ရာလမ်းညွှန်ချက် (DI-Departmental Instructions) ဆိုတာရှိလို့ပါ။ နေ့စဉ်မှတ်တမ်းကို လိမ်ညာရေးရင်လည်း အပြစ်ဒဏ် ကြီးကြီးမားမားပေးနိုင်တဲ့ ပြဋ္ဌာန်း ချက်လည်း ရှိပါတယ်။

ဂျပန်ပညာရှင်တွေနဲ့ အတူလုပ်ကိုင်နေရတုန်း ဂျပန် ပညာသင်သွားဖို့ စာမေးပွဲအောင်ပြီး ပညာသင်သွားခဲ့ရပါတယ်။ Onishi လည်း သူတာဝန်ထမ်းဆောင်ကာလပြည့်လို့ ဂျပန် ပြန်ရောက်တော့ ကျွန်တော်တို့နှစ်ဦး ဂျပန်မှာ ဆုံဖြစ်ကြပြန် တယ်။

ကျောင်းပြီးလို့ မြန်မာပြည်ပြန်ရောက်ပြီး ကိုယ့်ဌာနမှာပဲ ဆက်လက်အမှုထမ်းဖြစ်တော့ သူက ဇီဝဗေဒသုတေသီ တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ တိရစ္ဆာန်တောကောင် တွေအကြောင်း လေ့လာနေခဲ့ပါတယ်။ သူရေးသားထုတ်ဝေတဲ့ မြန်မာနိုင်ငံဆိုင်ရာ စာအုပ်တွေကတော့ Natural Myan-mar ၊ Mother Life of the River Ayeyarwaddy ၊ The Light of Dongle  စတာတွေ ဖြစ်ပါတယ်။

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး

စာရေးသူ သစ်တောတက္ကသိုလ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရတော့လည်း သစ်တောတက္ကသိုလ် အခုသစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ကို ရောက်အောင်လာပြီး သုတေသနအကြောင်း၊ အရင်သင်တန်းကျောင်းအကြောင်းတွေ ပြောဖြစ်ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ ပြန်တွေ့ကြတော့ JWRC (Japan Wildlife Research Centre)  က သစ်တောတက္ကသိုလ်နဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ ပြောဖြစ်ကြပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး Rio+20 (အပိုဒ်) ၂၀ဝ၂ မှာ ဖော်ပြထားသလို “ကျွန်ုပ်တို့သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သင့်လျော်သော မိတ်ဖက်လုပ်ငန်းများနှင့် လုပ်ကိုင်ခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ကို မြှင့်တင်ရန် သဘောတူသည်” ဟု ဖော်ပြထားတဲ့အတိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ကိုင်ဖို့ လိုအပ်လာပါတယ်။ အတိုချုပ်တင်ပြရရင် သက်ဆိုင်ရာအကြီးအကဲတွေခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ်က နှစ်ဖက်အဖွဲ့ သဘောတူ လက်မှတ်ထိုးကာ ဇီဝမျိုးစုံမျိုးကွဲစီမံကိန်းငယ်ကို ဆောင်ရွက်ခဲ့ကြပါတယ်။ စီမံကိန်းအမည်ကတော့ “မြန်မာနိုင်ငံအတွင်း ဇီဝဗေဒဆိုင်ရာ နမူနာပုံစံများ စုဆောင်းရာ၌ အသုံးပြုနိုင်သည့် ကိရိယာများ ထုတ်လုပ်ရေးစီမံကိန်း” The collaborative project on the development of tools for biological specimen collection in Myanmar” ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၁ ရက်နေ့အထိ သုံးနှစ်တာ ကာလဖြစ်ပါတယ်။

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများ

စီမံကိန်းကို (၁) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ CBD COP4 (Convention on Biological Diversity–Conference of the Party–4)  ဖြစ်သည့် “ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများတွင် အရေးပါသော လူသား အရင်းအမြစ်များ နည်းပါးခြင်းသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ရပ်ဖြစ်သည်” ကို အကောင်အထည်ဖော်ရန်၊ (၂) ဇီဝဗေဒ ဘာသာရပ်မှာ လူငယ်လူရွယ်များ စိတ်ပါဝင်စားလာစေရေးကို ဆွဲဆောင်ရန်အလို့ငှာ သုတေသနနှင့် ပညာရပ်နယ်ပယ်သုံး ပစ္စည်းကိရိယာများ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ပြည်တွင်း၌ ထုတ်လုပ်ရန်နဲ့ (၃) သစ်တောပညာနှင့် ဇီဝဗေဒဘာသာရပ်များမှာ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်တိုးမြှင့်စေရန်နှင့် ဖွံ့ဖြိုးမှုများကို မျှဝေဆောင်ရွက်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

JWRC (Japan Wildlife Research Centre) ဘက်မှ Mr. Shingo Onishi ၊ Dr. Sanei Ichikawa၊Mr. Hiroshi Nagano တို့နဲ့ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်မှ စီမံရေးရာဌာန၊ ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာနတို့က စီမံကိန်းမှာ ပါဝင်ဆောင်ရွက်နေကြပြီး အားလုံးရဲ့ ကိုယ်ပိုင်အတွေးအမြင်၊ အသိပညာ၊ စဉ်းစားတွေးခေါ်မှုတွေနဲ့ အင်းဆက်ပိုးမွှားဆိုင်ရာ ပစ္စည်းကိရိယာတွေဖြစ်တဲ့ nsectcatching Net T-shape Holder (controller head)and (V-head) ၊ Beating Net ၊ Set of Spreading Board (No-1 to 10)၊ Tri-angular Case (Metal box) and (Leather box)၊Insect Specimen airtight wooden box ၊ Insect Specimen airtight glass covered box ၊ Insect Box Cabinet ၊ Light Trap ၊ Rearing Case and Pinning Block တို့အပြင် အပင်နှင့် ပန်းပုံစံဆိုင်ရာ ပစ္စည်း ကိရိယာတွေဖြစ်တဲ့ Specimen Keeping Cabinet (made of metal) and (made of composite) ၊ Press၊Branch Cutter ၊ Glass Cover Box ၊ Specimen Collecting Bag ၊ Electric Oven for Specimen Drying (made of Composite) and (made of Plywood) ၊ Non-electric Oven (Cloth Types)၊Specimen Collecting Back-Bag ၊ Field Identi-fication Note Book ၊ Specimen Collecting Fork (Ta-chyu) ၊ Airtight Wooden Box စတဲ့ ပစ္စည်းတွေကို အရင်ရှိပြီး ကိရိယာတွေထက် ပိုမိုကောင်းမွန်အောင် ဒီဇိုင်း၊ သုံးရလွယ်ကူစေမှုတို့ကို ရှေးရှုကာ ပြင်ဆင်ထုတ်လုပ်ဆောင် ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာစံချိန်စံညွှန်းမီကိရိယာ

ဖော်ပြပါကိရိယာတွေထဲကမှ Insect catching Net T-shape Holder (controller head) and (V-head)၊Light Trap ၊ Non-electric Ovenဟာ ကိုယ်ပိုင်ဒီဇိုင်း တွေရေးဆွဲပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ အကောင်းဆုံး ကိရိယာတွေဖြစ်တဲ့အထိ အကြိမ်ကြိမ် တီထွင်စမ်းသပ် ထုတ်လုပ်နေတာဖြစ်ပါတယ်။ ထုတ်လုပ်ပြီးကိရိယာတွေကို ဂျပန်နိုင်ငံ တောရိုင်းတိရစ္ဆာန်များဆိုင်ရာ သုတေသနစင်တာမှ ကျွမ်းကျင်ပညာရှင်တွေက အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီး (ဥပမာ-လေလုံအင်းဆက်ထည့် သေတ္တာဆိုရင် နေရာအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုးမှာ ထားကြည့်ပြီး လေလုံ/မလုံ၊ မှိုစွဲကပ်မှု ရှိ/မရှိ စတဲ့ စစ်ဆေးမှု) နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီကြောင်း မှတ်ချက်ပြု အသိအမှတ်ပြုထားတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ပုံတွေကတော့ ထုတ်လုပ်ပြီးစီးတဲ့ ကိရိယာ တွေထဲကမှ နမူနာဓာတ်ပုံတချို့ပဲ ဖြစ်ပါတယ်။

 

mdn

ပုံ (၁) မှာ ဖော်ပြထားတဲ့ ကိရိယာလေးတွေဟာ အင်းဆက်တွေ ဖမ်းယူဖို့ ဖြစ်ပါတယ်။ ဟိုးအရင်က ပိုက် (Net) တပ်ထားတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် တောထဲကို သယ်ယူရာ မှာ မလွယ်ကူပါဘူး။ အခုတော့ ပုံ (၁) မှာ ပြတဲ့အတိုင်း တစ်ခုစီ ဖြုတ်ပြီး အင်္ကျီအိတ်ထဲ ထည့်သယ်လို့ရလောက်အောင် စတီး ပစ္စည်းသေးသေးလေး နှစ်ခုသာလိုအပ်ပြီး တောတွင်းရောက်မှ ဝါးခြမ်းကို အဝိုင်းပုံသဏ္ဌာန် ကွေးပြီးပိုက်(Net) စွပ်၊ လက်ကိုင် ဝါးလုံးကို အောက်ဘက်မှာ စွပ်လိုက်ရုံနဲ့ သက်သာလွယ်ကူစွာ ပိုးမွှားတွေကို ဖမ်းဆီးနိုင်အောင် တီထွင်ထားတာပါ။

 

mdn

ပုံ (၂) မှာဖော်ပြထားတဲ့ ပစ္စည်းလေးကတော့ Air-tight အမျိုးအစား Glass-covered Box ဖြစ်ပြီး Moisture  တော်တော်နည်းအောင် ဆောင်ရွက်ထားတဲ့အတွက် အင်းဆက် တွေကို အထဲမှာ နှစ်တော်တော်များများ (၁၀ နှစ်၊ နှစ် ၂၀ စသည်) အထားခံပါတယ်။ တခြားပုံစံတစ်မျိုးကတော့ Wooden Box ပါ။ သူကတော့ ပြသဖို့ထက် သိမ်းဆည်းဖို့အတွက် ထုတ်တာဖြစ်ပါတယ်။

 

mdn

 

 

ဖော်ပြပါ ပုံ (၃) နဲ့ ပုံ (၄) ပစ္စည်းတွေကတော့ ပန်းပုံစံ နမူနာ/အရွက်နမူနာ ကောက်ယူပြီးသားတွေကို တောတွင်းမှာပဲ အခြောက်ပြုလုပ်နိုင်အောင် Non-electric Oven ကို တီထွင်ထားပါတယ်။ ဒါဟာဆိုရင် ပုံစံမပျက်ထိန်းသိမ်းရမယ့် အပင်၊ အရွက်၊ အပွင့် အစိတ်အပိုင်းတွေကို တောထဲမှာပဲ ချက်ချင်းခြောက်သွေ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေဖို့ အကူအညီပေးမှာ ဖြစ်စေပါတယ်။

အင်းဆက်တို့၊ ပန်းပုံစံတို့ကို ထည့်သွင်းထိန်းသိမ်းထားရမယ့် Wooden Box တွေဟာ Air-tight (လေလုံ) ရမှာဖြစ်လို့ ဂျပန်၊ မြန်မာပညာရှင်တွေက သစ်သားအမျိုးမျိုးနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

mdn

 

မူပိုင်ခွင့်ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိ

တီထွင်ထုတ်လုပ်ထားရှိတဲ့ ကိရိယာတွေကို ပညာရေးနဲ့ သုတေသနအခန်းကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာပြည်တွင်းမှာ တီထွင်ထုတ်လုပ်တဲ့ ကိရိယာတွေဖြစ်တဲ့အပြင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ဟာ တစ်ခုတည်းသော ထုတ်လုပ်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ နောင်ဒီတက္ကသိုလ်မှာ တည်ထောင်ဖို့ ရည်ရွယ်ထားရှိတဲ့ ဇီဝမျိုးစုံနမူနာ ထိန်းသိမ်းရေးပြတိုက် (UFES Bio-Museum) မှာ သုတေသနလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့နဲ့ တက္ကသိုလ်ရဲ့ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ အထောက်အကူ ပြုနိုင်ရေးအတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ထိုသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုမယ့် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မှတ်ပုံတင် ခြင်းပြုလုပ်ခွင့်နဲ့ ကုန်ပစ္စည်းထုတ်လုပ်ခြင်းဆိုင်ရာ မူပိုင်ခွင့်ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

အထူးသဖြင့်တော့ အငယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ဖော်ပြပါပစ္စည်းလေးတွေကို လွယ်လွယ်ကူကူ လက်လှမ်းတမီ ရယူသုံးစွဲစေလိုတာပဲ ဖြစ်ပါတယ်။ ဒီလိုဈေးသက်သာစွာနဲ့ အလွယ်တကူရယူစေနိုင်ခြင်းဖြင့် အနာဂတ် လူငယ်လူရွယ်တို့ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးမှာ ပိုမိုပါဝင်စေလာမယ်လို့ ယုံကြည်ပါတယ်။ CBD COP4  မှာ တင်ပြဆွေးနွေးခဲ့တဲ့ စိန်ခေါ်မှုတစ်ရပ်ကို ဖြေရှင်းရာလည်း ရောက်တယ်လို့ ယုံကြည်ပါတယ်။ တစ်နည်းအားဖြင့် လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် အရေးပါတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မပျောက်မပျက် တည်ရှိနေဖို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် လူငယ်လူရွယ်လေးတွေ မွေးထုတ်ခြင်းဖြင့် မျိုးစုံဇီဝထိန်းသိမ်းကြပြီး တည်ငြိမ်တဲ့ ဂေဟစနစ်ကြီး ပေါ်ပေါက်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

မြန်မာ့အလင်း