မိုးကောင်းမြို့နယ် မရမ်း-နမ္မတီးကြား၌ မော်တော်ယာဉ်တိမ်းမှောက်၍ ခရီးသည် ၁၁ ဦး ဒဏ်ရာရ

မိုးကောင်း ၁၆ ဇန်နဝါရီ 


ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မရမ်းနှင့် နမ္မတီးကျေးရွာကြား၌ ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီခန့်က မော်တော်ယာဉ် အရှိန်လွန် တိမ်းမှောက်ခဲ့၍ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။


မြစ်ကြီးနားမှ မိုးကောင်းဘက်သို့ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးအတိုင်း မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်နေ နော်ရက်(၄၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၁၁ ဦး လိုက်ပါလာသည့် YGN_4D/---- နံပတ်ပါ HIJET အမျိုးအစား မော်တော်ယာဉ်သည် မိုးကောင်းမြို့နယ်၊ မရမ်းနှင့် နမ္မတီးကျေးရွာကြား မိုင်တိုင်အမှတ် (၄၄၆) နှင့် (၄၄၇) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်မြောင်းအတွင်းသို့ လဲကျတိမ်းမှောက်ခဲ့သည်။


ယာဉ်တိမ်းမှောက်မှုကြောင့်  ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၈ ဦး၊အမျိုးသား ၃ ဦး စုစုပေါင်း ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ အရေးကြီးလူနာ ၄ ဦးကို မြစ်ကြီးနားမြို့ အေးစေတီလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ အခြားလူနာ ၇ ဦးကို မိုးကောင်းမြို့နယ်လမ်းခွကျေးရွာ လူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းပြည်သူ့ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နော်ရက်အား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)