မိုးကောင်းမြို့နယ်အတွင်း ချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်(၉)ခုနှင့် ကျေးရွာ(၃)ရွာတွင် ရေဝင်ရောက်

မိုးကောင်း  ၂၈  ဇူလိုင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်က မိုသည်းထန်စွာ ရွာသွန်းမှု၊ နန့်ရင်းချောင်းနှင့် နန့်ကောင်း ချောင်းရေများ မြင့်တက်မှုတို့ကြောင့် ရပ်ကွက်(၉)ခုနှင့် ကျေးရွာ(၃)ရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

2

 

ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် အိမ်ခြေ ၁၃၈၄ အိမ် ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိကာ ရေဘေးသင့် အိမ်ထောင်စုများအား မြို့နယ် သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ရေလွတ်ရာ ဓမ္မာရုံများနှင့် ဆွေမျိုးများနေအိမ်များတွင် ခေတ္တပြောင်းရွှေ့ပေးထားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရေဝင်ရောက်မှုကြောင့် လယ်မြေ ၉၅ ဧကနှင့် အခြေခံပညာကျောင်း (၄)ကျောင်းတို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိပြီး အခြေခံပညာကျောင်း နှစ်ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

မိုင်းကောင်းမြို့နယ်ရှိ နန့်ရင်းချောင်းရေမှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (၆၄၀) စင်တီမီတာနှင့် နန့်ကောင်းချောင်းရေမှာ (၆၁၆)စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်မှာ (၆၀ဝ) စင်တီမီတာ ဖြစ်ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)