မိုးကောင်းမြို့နယ်၌ ဆိုင်ကယ်ဖြင့် လမ်းဘေးကျောက်တိုင်အားဝင်တိုက်မိ၍ နောက်ထိုင်စီးနင်းသူအမျိုးသမီး သေဆုံး

မိုးကောင်း  ၆   ဧပြီ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်း-ဆားမှော် ကျေးရွာခြင်းဆက်လမ်း၌ ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်အရှိန်လွန်ကာ လမ်းဘေးကျောက်တိုင်အား ဝင်ရောက်တိုက်မိခဲ့၍ ဆိုင်ကယ်နောက်ထိုင်စီးနင်းသူ အမျိုးသမီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က မိုးကောင်းမြို့နယ် မိုးကောင်း-ဆားမှော် ကျေးရွာချင်းဆက်ကားလမ်း၌ မိုးညှင်းမြို့နယ်၊အောင်သပြေ(၁)ရပ်ကွက်နေ ယိန်းချန်(၂၇)နှစ် မောင်းနှင်ပြီး မထု(၄၆)နှစ် နောက်ထိုင်စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၆ နှင့် ၇ ကြား၊ တံတားအမှတ် ၃/၆ အနီးရှိ လမ်းထိန်းစိုက်ထူထားသည့် ဖြူ/နီကြား ကျောက်တိုင်အား ဝင်ရောက်တိုက်မိခဲ့၍ ယာဉ်မောင်းသူနှင့် နောက်ထိုင်စီးနင်းသူ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မိသည့် လူနာအား ဆားမှော်တိုက်နယ်ဆေးရုံမှတဆင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူစဉ် မထုမှာ ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယိန်းချန်အား မိုးကောင်းမြို့မရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ဝင်းနိုင်(ကချင်မြေ)