မိုးကောင်းမြို့နယ်၌ မိုးကြိုးပစ်၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံး ခြောက်ဦး စက်ကွင်းမိ

မိုးကောင်း  ၁၈  ဇူလိုင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အောင်သာကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီခွဲက မိုးကောင်းမြို့နယ် အောင်သာကျေးရွာရှိ လယ်ပိုင်ရှင်ဒေါ်တင်မေ ပိုင်ဆိုင်သည့် ကွင်းအမှတ် ၁၁၁ တွင် အမျိုးသမီးကိုးဦး ကောက်စိုက်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်ပုထိုးကျေးရွာနေ မစုလှိုင်ဝင်း(၂၄ နှစ်)၏ ဝဲဘက်နားအောက်တွင်ပွန်းပဲ့ဒဏ်ရာနှင့် နားတွင်းသွေးထွက်ကာ သေဆုံးခဲ့၍ လောကတ္ထ စရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး တစ်ရွာတည်းနေ မသီတာဦး(၂၈ နှစ်)၊ မသင်းခိုင်(၂၄ နှစ်)၊ မဖြူပြာဝင်း(၂၃ နှစ်)၊ မအေးသူဇာဝင်း(၂၀ နှစ်)၊ မခိုင်ရွှေလင်း(၁၆ နှစ်)၊ မအိမြိုင်(၁၅ နှစ်)တို့ ခြောက်ဦးမှာ မိုးကြိုးစက်ကွင်းမိကာ ခန္ဓာကိုယ်ထုံကျဉ်ဒဏ်ရာများရှိခဲ့၍ မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)