မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မေ ၂၅ ရက်မှ ၂၈ ရက် အထိ ကျင်းပလျက်ရှိသည့် မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည် ပြပွဲတွင် ပါဝင်ခင်းကျင်းပြသကြသည့်  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်း ရှင်များနှင့် အသင်းအဖွဲ့များက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများအတွက်  အလှူငွေပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် အဆိုပါ ဗဟိုဌာန၌ ကျင်းပသည်။

အလှူငွေပေးအပ်ပွဲတွင် ကုန်စည်ပြပွဲ၌ ပါဝင်ပြသကြသည့် မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များက စုပေါင်း၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများ အတွက် အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူသည်။  ထို့နောက် အမြဲတမ်းအတွင်းဝန်က နှစ်နိုင်ငံမှကုန်သည်လုပ်ငန်းရှင်များကို  ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
 
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးကျော်ဝင်းတို့က အလှူငွေပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။  ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် လာရောက်လေ့လာကြည့်ရှုသူ အများပြည်သူများဖြင့် စည်ကားသိုက် မြိုက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်