“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မုံရွာမြို့တွင် အလှူငွေများ ပေးအပ်

မုံရွာ မေ ၂၂

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဝင်ရောက်မှုကြောင့် သဘာ၀ဘေးဒဏ်သင်ခဲ့ရသည့် ဒေသများ၌  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာသည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်၊ ချင်းပြည်နယ်မှ ၄ မြို့နယ် အနေဖြင့် ပျက်စီးဆုံးရှုံးမှုများပြားသည့်အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား အားလုံးမြင်တွေ့ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ယခုလိုအခမ်းအနားပြုလုပ်ကာ အလှူငွေများလက်ခံပြီး ရရှိသည့် အလှူငွေများအား ဘေးသင့်ဒေသများအတွက် လှူဒါန်းသွားမည် ဖြစ်ပါကြောင်း၊

 

မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မုန်တိုင်းအန္တရာယ် အသိပေးချက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် လူအသက်အန္တရာယ် ထိခိုက်မှုများကို   အနည်းပါးဆုံး အခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် လူသားချင်းစာနာသည့်စိတ်၊ ရိုင်းပင်းကူညီလိုသည့်စိတ်၊ ကုသိုလ်စိတ်တို့ဖြင့် ယခုလိုလှူဒါန်းပေးမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏လှူဒါန်းမှုများကြောင့် ဘေးသင့်ပြည်သူများ သက်သာမှုရရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့များဖြစ်စေတယ်လို့ မှတ်ယူပြီး မိမိတို့၏ ကောင်းမှုကုသိုလ်အပေါ် အမြဲအမှတ်ရ ရှိနိုင်ပါစေရန်နှင့် လှူဒါန်းပေးကမ်းစွန့်ကြဲနိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း ငွေကျပ်သိန်း ၁၀၀၀ ကျပ်အား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းမှ လည်းကောင်း၊ မုံရွာမြို့၊ ဇေယျာပဒေသာ ဖောင်ဒေးရှင်းမှ လှူဒါန်းငွေသိန်း ၃၀၀၀ ကျပ်အား ဇေယျာပဒေသာ ဖောင်ဒေးရှင်းကိုယ်စား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းညိုက လည်းကောင်း၊ တိုင်း/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ လှူဒါန်းငွေသိန်း ၁၀၀ ကျပ်အား  တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းမှလည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ လှူဒါန်းငွေသိန်း  ၁၀၀ ကျပ်အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်မှ လည်းကောင်း၊ မုံရွာမြို့ ငုံးသားဖောက်စက်နှင့် မွေးမြူရေးလုပ်ငန်းမှ လှူဒါန်း ငွေကျပ်သိန်း ၃၀ အား လုပ်ငန်းရှင် ဒေါက်တာကျော်လွင်ဦးမှ လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် တရားရုံးများမှ လှူဒါန်းငွေကျပ် ၇ သိန်းအား  တိုင်းတရားရေး ဦးစီးဌာနမှူးမှ လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြီးကြပ် မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၅၇,၅၀,၀၀၀ (ငါးဆယ်ခုနှစ်သိန်းငါးသောင်းကျပ်)အား  တိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူးမှ လည်းကောင်း၊ စီးပွားရေးရာဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၇,၂၀,၀၀၀ (ခုနှစ်သိန်းနှစ်သောင်းကျပ်) အား တိုင်းဒေသကြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူးမှလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၄၁,၈၀,၀၀၀ (လေးဆယ့်တစ်သိန်း ရှစ်သောင်းကျပ်)အား တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူမှ လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၁၂၇,၉၄,၀၀၀ (တစ်ရာနှစ်ဆယ့်ခုနှစ်သိန်း ကိုးသောင်းလေးထောင်ကျပ်)အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး /ကုသရေး ဦးစီးဌာနမှူးမှလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၄၅,၈၂,၀၀၀ (လေးဆယ်ငါးသိန်း ရှစ်သောင်း နှစ်ထောင်ကျပ်)အား တိုင်းဒေသကြီးကျေးလက်လမ်း ဌာနဦးစီးမှူးမှ လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးကြပ်မှု အောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၁၆,၉၀,၀၀၀ (တစ်ဆယ့် ခြောက်သိန်း ကိုးသောင်းကျပ်)အား တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးမှ လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ကျပ် ၃ သိန်းအား တိုင်းဒေသကြီး ဥပဒေအရာရှိတို့မှ အသီးသီးပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများ၌ ကုညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် ၄၅၅၆,၄၆,၀၀၀ (လေးထောင်ငါးရာငါးဆယ့် ခြောက်သိန်း လေးသောင်း ခြောက်ထောင်ကျပ်)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)