“မိုခါ” မုန်တိုင်းဘေးသင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံကုမ္ပဏီလုပ်ငန်းရှင်များနှင့် ‌စေတနာအလှူရှင်များ စုပေါင်း၍ ငွေကျပ် သိန်း(၃၄၀၀)ကျော် လှူဒါန်း

မြစ်ကြီးနား      မေ ၂၂

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံကုမ္ပဏီလုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များ၏ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ မေ ၂၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းတိုက်ခတ်မှု ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၇)မြို့နယ်နှင့် ချင်းပြည်နယ်အတွင်း မြို့နယ် (၄)မြို့နယ်တို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့်အတွက် သဘာဝဘေးအန္တရာယ်ကျ ရောက်သော ဒေသများအဖြစ် ကြေညာခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ကချင်ပြည်နယ်အနေဖြင့်လည်း မိမိတို့၏ ညီအစ်ကိုမောင်နှမများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၀၀၀ ကနဦးလှူဒါန်းခဲ့ပြီး အများစုပေါင်းလှူဒါန်းနိုင်ရေး ယခုလို လှူဒါန်းပွဲအခမ်းအနားကို စီစဉ်ဆောင်ရွက်သည့်အပြင် လူအင်အားဖြင့် ကူညီနိုင်ရေးအတွက် အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိအနေဖြင့် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုချင်းစီကို အထူးပင်ကျေးဇူးတင် ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

 

ထို့နောက် သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေထံ ငွေကျပ် ၁၅ သိန်းကို ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် လက်ခံရယူကာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာ့အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေကျပ် ၃၄၀၇၈၁၆၀၀ (ကျပ်သုံးထောင်လေးရာ ခုနှစ်သိန်း ရှစ်သောင်း တစ်ထောင်ခြောက်ရာ)ကို လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မြတ်သူစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးပြန်လည်ပေးအပ်ခဲ့ကြသည်။

( ပြည်နယ်ပြန်/ဆက်)