“မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၁) (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

မြင့်စိုး(နတလ)

ဦးခိုက်ဖူးမြော် လောကာနန္ဒာစေတီတော်

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေလေဆိပ်သို့ လေယာဉ်ဆင်းခါနီး လောကာနန္ဒာစေတီတော်မြတ်ကြီးကို လှမ်း၍ဖူးတွေ့လိုက်ရ၏။ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်လှပေစွ။ ဘုရားပရိဝုဏ်အတွင်းရှိ အဆောက်အအုံတချို့မှာမူ မုန်တိုင်းဒဏ်သင့်ခဲ့၍ အမိုးလန်နေသည်ကို တွေ့မြင်နေရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်တစ်နေ့ဖြစ်သော မေလ ၂၀ ရက်နေ့၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများအဖွဲ့ သွားရောက် ကြည့်ရှုခဲ့သောနေရာသည် လောကာနန္ဒာ ဘုရားဝင်းဖြစ်နေပါသည်။ မိုခါမုန်တိုင်းသည် စေတီတော်မြတ်ကြီးအား ထိခိုက်ပျက်စီးအောင် မစွမ်းသာခဲ့ပါ။ ကြီးမား လှသောပျက်စီးမှုမတွေ့ရ၊ အဝင်ယာယီ စောင်းတန်းများ ပြိုလဲသွားမှုကို အမြန်ဆုံး ရှင်းလင်းထားပြီးဖြစ်သည်။

အရန်စေတီအချို့တွင်သာ ထီးတော်ပျက်စီးခြင်း၊ အချို့တိမ်းစောင်းသွားသော ထီးတော်များကို ပြန်လည်တည့်မတ်ရန် လိုခြင်းများတွေ့ရှိရပြီး ဘုရားကြီးဝင်းထဲရှိ သာသနာ့ဗိမာန်တော်၊ မဟာဝေယန်ဗိမာန်တော် အမိုးလန်ပျက်စီးမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပေး သွားမည်ဖြစ်သည်။ စကြာမုနိသိမ် ကျောင်းတော်၌ ဘုံကိုးဆင့်မှ ပန်းဆွဲများ ပြုတ်ကျခဲ့မှုများကို သက်ဆိုင်ရာဂေါပကအဖွဲ့နှင့် ကော်မတီက တာဝန်ယူပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

‌လောကာနန္ဒာစေတီတော်မြတ်ကြီးအား နတလဝန်ထမ်းဘဝကတည်းက အကြိမ်ကြိမ်အခါခါ ဖူးမြော်ခွင့်ရခဲ့ပါသည်။ စင်္ကြာမုနိရုပ်ပွားတော်သို့လည်း ထိုနည်းတူစွာပင်၊ ဓမ္မာရုံများ အမိုးလန်သည်မှအပ ကြီးကြီးမားမား ထိခိုက်မှု မရှိကြောင်းတွေ့ရ၍ စိတ်ချမ်းသာမှုရခဲ့သည်။ ဘုရားပရိဝုဏ်အတွင်း ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခြင်းနှင့်အတူ ဇွန်လ ၂ ရက်နေ့၌ လောကာနန္ဒာစေတီတော်ကြီး၏ လိုဏ်အတွင်း စစ်တွေမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော နိကာယ် ၅ ရပ် စာမေးပွဲတွင် သံဃာတော် ၅၃၅ ပါး ဝင်ရောက်ဖြေဆိုနေမှုကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ခဲ့ရသည်။ ထိုနေ့က စစ်တွေမြို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ရာ စာဖြေသံဃာများအတွက် မီးအလင်းရောင်ပေးနိုင် ခဲ့သည်ကိုလည်း သာဓုခေါ်ခဲ့ရသေး၏။

ရွှေစေတီကျောင်းတိုက်နှင့် ဆရာတော်ဦးဥတ္တမ

စစ်တွေမြို့သို့ ကျွန်တော်ရောက်ရှိပြီး နှစ်ရက်အကြာ မေလ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့နှင့်အတူ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိ စာသင်တိုက်၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်၊ ရွှေစေတီကျောင်းတိုက်၊ ပညာလင်္ကာရကျောင်းတိုက်၊ မြို့မပရိယတ္တိစာသင်တိုက်တို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခွင့်ရခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးများက ဘုန်းတော်ကြီးကျောင်းအလိုက် ပြန်လည်ပြုပြင်ပေးရမည့် အဆောက်အအုံများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်သည့် သွပ်၊ သံ၊ သစ်များ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ရွှေစေတီကျောင်းတိုက်သို့ ရှေးယခင်က ကျွန်တော်မရောက်ဖူးခဲ့ခြင်း၊ ရောက်ခွင့်မကြုံခဲ့ခြင်း၊ ရွှေစေတီကျောင်းတိုက်၏ ဂုဏ်ရောင်ထွန်းပြောင်မှုကို မမြင်တွေ့ခဲ့ရခြင်းအတွက် ရှက်ရွံ့သိမ်ငယ်စိတ် ဝင်သွားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤကျောင်းတိုက်သည်ကား ကျွန်တော်တို့ငယ်စဉ် မူလတန်းကျောင်းသားဘဝကတည်းက သင်အံမှတ်သားခဲ့ရဖူးသော နယ်ချဲ့ ဆန့်ကျင်ရေးတရားများကို ရဲရဲတောက်ဟောကြားခဲ့သည့် ဆရာတော်ဦးဥတ္တမ သီတင်းသုံးနေထိုင်ခဲ့ရာ ကျောင်းတော် မဟာဖြစ်နေ၍ပါတည်း။ ဆရာတော်၏ ကျေးဇူးတရားက နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားတို့အပေါ် အလွန်ကြီးမားခဲ့ သောကြောင့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာသနာ့သမိုင်း၊ သာသနာ့မော်ကွန်းတွင် အမြင့်ဆုံးဖြစ်တော်မူသော “အဘိ ဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းဘွဲ့တံဆိပ်တော်ကို လက်ရှိရွှေစေတီကျောင်း၏ အဋ္ဌမမြောက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယာဝံသက လက်ခံရယူတော်မူသော မှတ်တမ်းဓာတ်ပုံနှင့် ဘွဲ့တံဆိပ်တော်တို့ကို ကျောင်းပေါ်၌ တွေ့ရှိခဲ့ရပါသည်။
ရှေးယခင်က မောင်ရှင်ကြီးဆရာကျောင်း၊ ရတနာတေဇာရာမကျောင်းဟူ၍ အမည်နှစ်မျိုးဖြင့် ခေါ်ခဲ့ကြကြောင်း၊ ယင်းကျောင်းတော်ကြီးကို ခရစ်နှစ် ၁၉၀၃ ခုနှစ်တွင် စစ်တွေမြို့ ပထမဦးဆုံး ပုဂ္ဂလိက ပေါ်ထွန်းအောင်ကုမ္ပဏီ ဘဏ်တိုက်ပိုင်ရှင် ဦးပေါ်ထွန်းအောင်က ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်း၏ အနောက်မြောက်အရပ်၌ ရွှေလုပ်တတ်သော ပုဂ္ဂိုလ်တစ်ဦးနေခဲ့သည်ကို အစွဲပြု၍ ရွှေစေတီကျောင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြကြောင်း၊ ပထမဦးဆုံး ကျောင်းထိုင်ဆရာတော်မှာ စစ်တွေမြို့၌ သာသနာတော်မျိုးစေ့ကို စတင်ချထားပေးခဲ့သည့် အရှင်ပညာ သာရမထေရ်ဖြစ်ကြောင်း၊ ဒုတိယ ဆရာတော်လွန်ပြီးနောက် တတိယဆရာတော် အရှင်တေဇာရာမမထေရ် လက်ထက် ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ဆရာတော်အား ဥပဇ္ဈာယ်ပြု ၍ ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သော ဆရာတော် ဦးဥတ္တမလောင်းလျာသည် ရှင်သာမဏေဖြစ်တော်မူခဲ့ကြောင်း သိရှိရပါသည်။ ၁၈၉၉ ခုနှစ်တွင် ရဟန်းဘဝသို့ရောက်ပြီး စစ်တွေမြို့၊ ပခုက္ကူမြို့၊ ရန်ကုန်မြို့၊ မအူပင်မြို့၊ ပဲခူးမြို့၊ တောင်ငူမြို့၊ မန္တလေးမြို့တို့၌ ပါဠိပိဋကတ်ကျမ်းစာများကို လေ့လာသင်ယူခဲ့ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ တက္ကသိုလ်စာပေ ဘာသာစကားများ ဆက်လက်သင်ယူခဲ့သည်။

ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပြင်သစ်၊ တိဗက်၊ ဘင်္ဂါလီ၊ နာဂရီနှင့် ဟိန္ဒူဘာသာ စာပေစကားများ ကျွမ်းကျင်တတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးအတွက် လည်းကောင်း၊ သာသနာပြုရေးအတွက် လည်းကောင်း ကြွရောက်တော်မူခဲ့သော အာရှ၊ ဥရောပ နိုင်ငံများလည်း ၂၀ ကျော်ခဲ့သလို ရေးသားတော်မူခဲ့သည့် စာအုပ်စာပေများတွင်လည်း ၁၉၁၄ ခုနှစ်ထုတ် ဂျပန်ပြည် အတ္ထုပ္ပတ္တိစာအုပ်မှသည် ၁၉၃၈ ခုနှစ် ရေးသားခဲ့သည့် တရုတ်-ဂျပန်စာအုပ်ထိ စာအုပ်မျိုးစုံ ရေးသားတော်မူခဲ့သည်။ ကျွန်တော်တို့ နားထဲမှာရော၊ နှလုံးသားထဲမှာရော စွဲနေအောင် သင်ခဲ့ရသည့် အကြောင်းအရာ တစ်ခုကတော့ ၁၉၂၁ ခုနှစ် သူရိယသတင်းစာမှာ ရေးသားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေးတရားထဲက စာကြောင်းတစ်ကြောင်းပင်ဖြစ်သည်။ အင်္ဂလိပ်ဘုရင်ခံကို မကြောက်မရွံ့ ရဲရဲတောက်နှင်ထုတ်ခဲ့သည့် “ဆာရယ် ဂျီနယ် ဂရက်ဒေါက် (Sr. Reginald Craddock) မြန်မာပြည်ကထွက်သွား” ဆိုသည့် စာတစ်ကြောင်းပင်။ ဆရာတော် ဦးဥတ္တမသည် ၁၉၂၂ ခုနှစ်မှ ၁၉၂၇ ခုနှစ်အတွင်း ထောင်ဒဏ်သုံးကြိမ် စုစုပေါင်း ၁၂ နှစ် ကျခံခဲ့ရသည်။ သက်တော် ၆၀၊ သိက္ခာတော် ၄၀၊ ၁၉၃၉ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ခန္ဓာဝန်ချ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

သာသနာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကို မြောက်ပိုင်း ၁၀ မြို့နယ်က ပိုမိုပြင်းထန် စွာခံခဲ့ရသည်။ ကျန်ခုနစ်မြို့နယ်တွင်လည်း အနည်းငယ်မျှ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံကြရသေးသည်။ များသော အားဖြင့် အမိုးလန်ခြင်း၊ မျက်နှာကြက် ပြုတ်ကျခြင်းများဖြစ်သည်။ ထီးတော်စောင်းခြင်း၊ ကျိုးပြတ်ကျခြင်းများလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် ပျက်စီးဆုံးရှုံးမှုကို မှတ်တမ်းပြုတင်ပြရလျှင် ကျောင်းတိုက် ပေါင်း ၁၆၄၇ ခု၊ စေတီ ၂၄၄ ဆူ၊ သိမ်ကျောင်း ၆၅၇ ခု၊ ကျောင်းဆောင် ၁၉၄၃ ခု၊ ဓမ္မာရုံ ၈၇၂ ရုံ၊ ဆွမ်းစား ဆောင် ၄၆၃ ခု၊ ကုဋီ ၁၀၃၅ လုံးတို့ ဖြစ်သည်။

လှူဒါန်းထောက်ပံ့မှုများ

ယင်းသို့ ထိခိုက်ပျက်စီးမှုနှင့်ကြုံခဲ့ရသောမြို့နယ်အသီးသီးတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ငွေကျပ် သိန်း ၂၈၇၀၊ သင်္ကန်း ၁၃၉၇ စုံ၊ သွပ်ချပ်ရေ ၁၀၆၅၃၉ ချပ်၊ သံ ၄၀၉၁ ဒသမ ၅၄ ပိဿာ၊ သစ် ၃၂၃ ဒသမ ၇၅ တန်၊ ဆွမ်းဆန်တော် ၁၄၉၆ အိတ်၊ ဆီ ၄၉၈ ပိဿာတို့ဖြစ် သည်။ စစ်တွေမြို့နယ်အတွင်းရှိ ကျောင်း ပေါင်း ၃၃၁ ကျောင်းအတွက် ခြင်ထောင် ၁၃၇၈ လုံး၊ စတီးပန်းကန် ၈၂၃ ချပ်၊ စတီးဇွန်းအချောင်း ၈၀၀၊ စတီးဓား ၁၀၀၉ လက်၊ စတီးခွက် ၁၀၀၇ လုံး၊ ရေချိုးခွက် ၇၈ ခွက်ကိုလည်း လှူဒါန်းပေးခဲ့ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့်လည်း စစ်တွေမြို့ပေါ်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များဖြစ်သော ရွှေစေတီ၊ ခေမာမဏ္ဍိုင်၊ ဝေဠုဝန်၊ ဝေသာလီ (ဓမ္မရတနာ)၊ အမျိုးသား၊ မဟာဗောဓိ၊ မင်းကျောင်း စသည့် ဘုန်းတော်ကြီးကျောင်းများသို့ ငွေကျပ်သိန်း ၁၂၀၀ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များကလှူဒါန်းသော အလှူငွေ ကျပ်သိန်း ၁၀၆၀ ကိုလည်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် မြေပုံမြို့နယ် တို့အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅၈ ကျောင်းသို့ ခွဲဝေ လှူဒါန်းပေးခဲ့ပါသည်။

သီးခြားအလှူရှင်များလည်း ရှိပါသေးသည်။ ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကြီးကြပ်မှုအဖွဲ့က ရခိုင်ပြည်နယ် မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးသင်ပညာရေးကျောင်း ၅၂ ကျောင်း အတွက် ငွေကျပ် သိန်း ၂၆၀ လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)ကလည်း စစ်တွေမြို့ ခေမာမဏ္ဍိုင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌စာသင်ခုံများပြုလုပ်ရန် ငွေကျပ် သိန်း ၅၀ ကို လည်းကောင်း၊ ကျန်ကျောင်းများဖြစ်သော ရွှေစေတီ၊ ဝေဠုဝန်၊ ဝေသာလီ၊ အမျိုးသား၊ မဟာဗောဓိ၊ မင်းကျောင်းများ၌လည်း စာသင်ခုံများ ပြုလုပ်ရန် ငွေကျပ်သိန်း ၁၆၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

စစ်တွေမြို့ပေါ်ရှိ အခြားဘာသာရေးကျောင်းများသို့လည်း လှူဒါန်း
ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်၍ ပြီးခဲ့သည့်ဇွန်လအတွင်း၌ ဆရီဆရီ ဟိန္ဒူဘုရားကျောင်းသို့ သစ်နှစ်တန်၊ သွပ်အချပ် ၂၀၀၊ ငွေကျပ် ၇၅ သိန်း၊ ဆရီဆရီ စန္ဒီမယ်တော်ဘုရားကျောင်းအတွက် သွပ်အချပ် ၁၀၀၊ ရှင်မာကုကသီ ဒြယ် ဘုရားရှိခိုးကျောင်းအတွက် သစ် နှစ်တန်၊ ငွေကျပ် ၇၅ သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ သစ်နှင့် သွပ်ချပ်များအား ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ပေးအပ်ခဲ့ပြီး အလှူငွေကျပ် သိန်း ၁၅၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်းခဲ့ခြင်းဖြစ်သည်။ သနန္တရဓမ္မ ပါလက ဟိန္ဒူအဖွဲ့ချုပ်ကလည်း ဟိန္ဒူဘုရားကျောင်း ခုနစ်ကျောင်းအတွက် သွပ်အချပ် ၅၅၀၊ ငွေကျပ် ၉၁၀၉၀၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယဉ်ကျေးမှုအဆောက်အအုံများ ပြန်လည်ပြုပြင်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ) အနေဖြင့် ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်ကြီးအတွင်း အုတ်ကြွပ်ခေါင်မိုးများ ထိခိုက်ပျက်စီးခြင်း၊ ပြတင်းတံခါးများကွဲခြင်း၊ အတွင်းမျက်နှာကြက်များ ပြုတ်ကျခြင်း၊ ရေဆင်းပိုက်၊ ရေတိုင်ကီ၊ ရေတံလျှောက်များ ထိခိုက်ပျက်စီးခြင်းတို့ကို ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ရထားဆွဲပွဲပြကွက်၊ ရခိုင်ရိုးရာအိမ်ပြကွက်၊ ရခိုင်မင်္ဂလာ ဆောင်ပြကွက်၊ ရခိုင်ရိုးရာလှေပြကွက်တို့၌ ပျက်စီးမှုအချို့ကို ပြုပြင်မွမ်းမံ ပြင်ဆင်ဆဲဖြစ်ပါသည်။ ထိုနည်းတူစွာ ဗုဒ္ဓပြတိုက်တွင်လည်း သွပ်မိုးပျက်စီးမှုကို ပြန်လည်ပြုပြင်ပြီးဖြစ်ပါသည်။ အတွင်းမျက်နှာကြက်များ၊ မှန်တံခါးများနှင့် ခြံစည်းရိုးပျက်စီးမှုတို့ကို ဆက်လက်ပြုပြင် ဆောင်ရွက်ဆဲဖြစ်ပါသည်။ ထိုအဆောက်အအုံများ ပြုပြင်ဆောင်ရွက် ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကူညီမှုများစွာပေးခဲ့သည်။ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခရီးစဉ်နှင့်အတူ မြောက်ဦးမြို့သို့ လိုက်ပါ၍ ယဉ်ကျေးမှုနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရေးကိစ္စများ စီမံဆောင်ရွက်ခဲ့ပါသည်။

သမိုင်းဝင် ဗျာဒိတ်တော်လာစေတီများ

မြတ်စွာဘုရား၏ ဗျာဒိတ်တော်အရ နန္ဒပဗ္ဗတတောင်၌ ဟင်္သာမင်းဖြစ်ခဲ့ဖူး၍ တည်ထားကိုးကွယ်ခဲ့သော အာဂျပ်တော်စေတီ(ဓာတ်ဦးစေတီ)၊ ဝါရပဗ္ဗတတောင် ၌ ကျီးမင်းဖြစ်ခဲ့ဖူး၍ တည်ထားခဲ့သော လက်ယာသလုံးတော်စေတီ(ဓာတ်လယ် စေတီ)၊ သာရဝဏ္ဏပဗ္ဗတတောင်၌ သမင်မင်းဖြစ်ခဲ့ဖူး၍ တည်ထားသော တင်အုံတော်ဓာတ်စေတီ (ဘုရားလေးဆူ ကျောင်းတိုက်ရှိစေတီ)၊ စူဠာနန္ဒပဗ္ဗတ တောင်၌ ပဒ္ဓမင်းဖြစ်ခဲ့ဖူး၍ တည်ထားသော လက်ဝဲသလုံးတော်ဓာတ်စေတီတို့သည် အိန္ဒိယနိုင်ငံ ပြည်ထဲရေးဌာန၏ ၁၈၈၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်အမှတ် (၁-၁၆၈-၈၃) အရ ရှေးဟောင်းစေတီအဆောက်အအုံများ ဖြစ်သည်ဟူ၍ မှတ်တမ်းတင် ဖော်ပြထားကြောင်း သိရသည်။ လက်ဝဲသလုံးတော်ဓာတ်စေတီကို မင်းအဆက် ဆက် ကိုးကွယ်လာခဲ့ရာမှ တိမ်မြုပ်ပျောက်ကွယ်သွားပြီး ကောဇာ သက္ကရာဇ် ၁၂၉၁ ခုနှစ်တွင် ပြန်လည် တူးဖော်တွေ့ရှိကာ တတိယအကြိမ် မြောက်စေတီတော်အဖြစ် ဓာတ်တော် များ၊ ရုပ်ပွားတော်များကို ဌာပနာ၍ တည်ထားခဲ့ကြောင်း သိရသည်။ လက်ဝဲသလုံးတော် ဓာတ်စေတီတော်ကြီးသည် ဉာဏ်တော်အားဖြင့် ၁၈ တောင်၊ လုံးပတ်တော် ၂၇ တောင်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ဦးရဲကျော်သူကျောင်းတိုက် (ခ) သံကျောင်း

စစ်တွေမြို့ မင်းဘာကြီးလမ်း ဆင်ကူးလမ်းရပ်ကွက်တွင် တည်ရှိပါသည်။ ဦးရဲကျော်သူမိသားစုက ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်၍ ဦးရဲကျော်သူ ကျောင်းဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထို့အတူ သံကျောင်းဟူ၍လည်း ခေါ်ကြ သေး၏။ အကြောင်းရင်းကမူ ဦးရဲကျော်သူသည် ၁၉၁၀ ပြည့်နှစ်တွင် ထိုကျောင်းကို ဆောက်လုပ်ရန်အတွက် သစ်မာများ ဝယ်ယူစုဆောင်းခဲ့သည်။ ယင်းသို့စီစဉ်နေဆဲမှာပင် ဦးရဲကျော်သူ ကွယ်လွန်ခဲ့၏။ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာဖြူက သားဖြစ်သူ ဦးရွှေသာ အား ခေါ်ယူ၍ ကျောင်းဆက်လက် ဆောက်လုပ်ရန် တိုင်ပင်ခဲ့သည်။ ဦးရွှေသာက စဉ်းစားသည်မှာ သစ်ချည်းသက်သက်ဆောက်လျှင် နောင်နှစ်ပေါင်း များစွာ တာရှည်မခံနိုင်၊ တာရှည်ခံအောင် အင်္ဂလန်မှ လိုအပ်သော သံထည်၊ သံတန်ဆာများ ဝယ်ယူတည်ဆောက်ရန် စိတ်ကူးရ၏။ ထို့ကြောင့် ဖခင်စုဆောင်းထားသော ကျွန်းသစ်မာအချို့ကို ပြန်လည်ရောင်းချပြီး သံထည်ပစ္စည်းများ မှာယူတင်သွင်းသည်။ အိန္ဒိယမှ အင်ဂျင်နီယာ၊ လက်သမားများ ငှားရမ်းခေါ်ယူကာ အောက်ခြေကွန်ကရစ်လောင်းပြီး သံတိုင်၊ သံဖုန်းလျှာ၊ သံထု၊ လျောက်၊ သံအခြင်၊ သံကုန်ဖီ၊ သံမုခ်တို့ဖြင့် ကြီးကျယ်ခမ်းနား မြင့်မားသည့် သံကျောင်းကို ဆောက်လုပ်ခဲ့သည်။ ပြာသာဒ်သုံးဆင့်တင်လျက် ၁၉၁၀ ပြည့်နှစ်မှစတင်ဆောက်လုပ်ခဲ့ရာ ၁၉၁၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ မြေဧက ၂ ဒသမ ၅ ဧကပေါ်တွင် အလျား ပေ ၁၁၀၊ အနံ ပေ ၁၁၀၊ အမြင့် ပေ ၇၀ရှိ ရှေးဟောင်းကိုလိုနီခေတ် အုတ်တိုင် အဆောက်အအုံ ဗိသုကာလက်ရာပုံစံ အဆောက်အအုံဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ ဇူလိုင်လ ၁၀ ရက်နေ့ သွားရောက်ခဲ့သော ရခိုင် ပြည်နယ်ခရီးစဉ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဦးရဲကျော်သူကျောင်းအမိုးများ ပျက်စီးသွားမှုကို ပြန်လည်ပြုပြင်ရန်၊ ဆွေးမြည့်ဟောင်းနွမ်းလာသည့် သံ အဆင်တန်ဆာများကို အစားထိုးပြုပြင်ရန်၊ ၎င်းကျောင်းဝင်းထဲမှ သကျမုနိ သိမ်တော်ကိုလည်း မူလရောင်စုံမှန်ချပ် များအတိုင်းပြန်လည်တပ်ဆင်ပေးရန်၊ ယင်းသို့ပြုပြင် ရာတွင် ရှေးမူရှေးလက်ရာမပျက် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန်၊ အလှူရှင် များ၏ကမ္ပည်းများကိုလည်း မူလအတိုင်း ပြန်လည်ရေးထိုးဖော်ပြပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး

သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်အထိ စစ်တွေမြို့တွင်ကိုးကွယ်ရန် ဆင်းတုတော် ကြီးကြီးမားမား မရှိသေးပေ။ သံတွဲမြို့မှ ဒေသစာရီကြွချီလာသည့် စန္ဒမုနိရုပ်ပွား တော်မြတ်သည်လည်း စစ်တွေမြို့ ဝင်္ကပါကွင်းတွင် သုံးနှစ်တာမျှ ထားရှိ အပူဇော်ခံပြီးနောက် မူလဘုရားဒါယကာများက ၁၂၅၄ ခုနှစ်တွင် ပြန်လည် ပင့်ဆောင်သွားခဲ့သည်။ ဘုရားပြန်ကြွသွားသဖြင့် မြို့လူထုမှာ စိတ်နှလုံး ညှိုးနွမ်းနေခိုက် “ငွေလှံလဲကိုင်၊ ကိန်းနှင့်ဆိုင် ရခိုင်ဘုရားပေါ်လတ္တံ့” ဆိုသည့် တဘောင်တစ်ခုပေါ်လာကြောင်း သိရသည်။ တဘောင်၏ အဓိပ္ပာယ်ကိုမူ မဖော်နိုင်ခဲ့ကြ။ သက္ကရာဇ် ၁၂၆၁ ခု၊ သာသနာသက္ကရာဇ် ၂၄၄၂ ခုနှစ်တွင် ပထမကျားရုပ်ဆရာတော် ဘဒ္ဒန္တဦးအဂ္ဂ သည် ကျောင်းတွင်လာရောက်တည်းခို နေသည့် ကြေးသွန်းဆရာကြီး ဦးဘိုးယောက်ကို ထိုင်တော်မူဆင်းတုတော်တစ်ဆူ နမူနာသွန်းလုပ်စေခဲ့သည်။ ဆင်းတုတော်မှာ ကြည်ညိုဖွယ်ရာဖြစ်၍ မြို့လူထုက နှစ်သက်ဝမ်းမြောက်ကြသဖြင့် ယင်းပုံတော်အတိုင်း သွန်းလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားသွန်းလုပ်မည့် သတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသူများသည် ဝတ်ဆင်လာ သည့် စိန်၊ ရွှေ၊ ငွေ ရတနာပစ္စည်းများကို လှူဒါန်းပူဇော်ကြသည်။ တဘောင်တွင် ပါဝင်သည့် ငွေ၊ လှံ၊ လဲ၊ ကိုင်သည် နေ့သင့်နံသင့်တွက်ပါက ၂၄၄၂ ဖြစ်သော ကြောင့် ဘုရားသွန်းလုပ်ရန် အကြောင်း ပေါ်လာသည်ဟုဆိုကြ၏။ ယင်းရုပ်ပွား တော်မြတ်ကြီးကို ပထမကျားရုပ် ဆရာတော်ကြီး၏ ဝမ်းကွဲအစ်ကိုတော်စပ်သူ ရူပရပ်နေ ဆန်စက်ပိုင်ရှင် ဦးသာဇံအား ဘုရားဒါယကာအဖြစ် တာဝန်ပေးကာ သွန်းလုပ်စေခဲ့သည်။ သွန်းလုပ်ပြီးဆင်းတု တော်ကို ယခင်စန္ဒမုနိရုပ်ပွားတော် သီတင်းသုံးသည့်နေရာတွင် ယာယီစံကျောင်း တော်ဖြင့် အပူဇော်ခံထားရှိခဲ့သည်။ ယင်းနောက်မှ ၁၂၆၅ ခုနှစ်တွင် လက်ရှိနေရာ သို့ ပင့်ဆောင်ပြီး ဂန္ဓကုဋိတိုက်နှင့် မူလသိမ်တော်အား ၁၂၇၂ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဘွဲ့တော်ကို ပြည်လုံးချမ်းသာ ဘုရားကြီးဟု သမုတ်ခေါ်ဝေါ်ပူဇော်လာခဲ့ကြကြောင်း သိရသည်။

မိုခါမုန်တိုင်းသည် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၏ တန်ဆောင်းပြာသာဒ် ဘုံခုနစ်ဆင့်အား တိုက်ခတ်ခဲ့ပြီး တင်လှူထားသော စိန်ဖူးတော်ကို မြေခသွားစေခဲ့သည်။ ကျိုးပဲ့သွားသော ပြာသာဒ်များကို ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။ အဆိုပါ ဘုရားကြီးရှေ့ ဝင်္ကပါကွင်းထဲတွင် သစ်ပင်ကိုင်းများ ပြိုလဲသွားမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက လုပ်အား ဒါနပေးလှူ၍ အမြန်ဆုံးရှင်းလင်း ဖယ်ရှားပေးခဲ့ကြသည်။

ရခိုင်ဒေသ ဗုဒ္ဓသာသနာ ရောင်ဝါလင်းစေသောဝ်

အရှင်နာဂိန္ဒမော်ကွန်း၌ “အမျိုး သီလ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည်း၊ ဗုဒ္ဓဝင်မှာလည်း၊ ကျွန်းတွင်ဇမ္ဗူ၊ လူတွင် ရခိုင်၊ ကြိုင်သည့်သတင်း၊ ကင်းသည့်အပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနှင့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူဆုတောင်း ပြည့်အံ့သတည်း …..…”ဟု ရေးထိုးထားခဲ့ကြောင်း လေ့လာဖတ်ရှုခဲ့ရသည်။ အမှန်တကယ်လည်း ရခိုင်ဒေသသည် ခေတ်အဆက်ဆက်၌ သာသနာရောင်ဝါ ထိန်လျှံညီးခဲ့သည်။ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခဲ့ကြသည်။ မိုခါမုန်တိုင်းသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ အားလုံးသည်လည်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများနှင့်ထပ်တူအမျှ ကုသိုလ်ရ၍ နိဗ္ဗူထိအောင် ရည်မှန်းကြိုးကုတ်အားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန် တောင်းလိုက်ရပါသတည်း။    ။