“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၄) (ကျန်းမာရေးဝန်ကြီးဌာန)

မြင့်စိုး(နတလ)

(ဇွန်လ ၉ ရက်နေ့မှအဆက်)

ပေါက်တောမြို့က ရတနာလေးတွေ

တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းတိုက်ခတ်နေသည့် လေပြင်းဒဏ်ကြောင့် ပင်လယ်ထဲမှ တဝုန်းဝုန်းရိုက်ခတ်နေ သောလှိုင်းသံများ၊ တဖြောင်းဖြောင်း ကျိုးကျလဲပြိုနေသော သစ်ပင်သစ်ကိုင်းများ၊ မိုးသံလေသံများကြားတွင် ကိုယ်ဝန်အရင့်အမာနှင့် မီးမဖွားရသေးသော မိခင်လောင်းတစ်ဦးသည် မည်သည့်အရာကို ဆုတောင်းလိမ့်မည် ထင်ပါသနည်း၊ မိမိတို့နေထိုင်လျက်ရှိသည့် အိမ်လေး ပြိုလဲမသွားရေးလား၊ မိမိ၏အသက်အန္တရာယ် မဆုံးရှုံးစေရေးလား၊  သို့တည်းမဟုတ် မွေးခါနီး ဖွားခါနီး မိမိလွယ်ထားရသော ဝမ်းကြာတိုက်ထဲမှ သားရတနာ၊ သမီးရတနာလေး ဘေးမသီရန်မခ လူ့လောကကြီးထဲသို့ ရောက်ရှိလာစေရေးလား၊ ကျွန်တော်ကတော့ တုနှိုင်းမရသည့် မိဘ မေတ္တာနှင့်ယှဉ်၍ ထွက်ပေါ်လာသော  ဆုတောင်းသံများကို ကြားယောင်နေသလိုပင်။ ထိုကာလတစ်လျှောက်လုံး မိခင်လောင်း၏ရင်ထဲတွင် အပူမီးများကြွ၍ ဗလောင်ဆူနေပါလိမ့်မည်။ အဖေ အမေ အတွက်ပူရ၊ လင်တော်မောင်အတွက်ပူရ၊ သားသမီးများရှိနေလျှင်လည်း သူတို့အတွက်ပူရ၊ ထို့ပြင် ဗိုက်ထဲမှကလေးအတွက်ပါ ပူရနှင့် သူ့အတွက် ပူဖို့ရန်ပင် အချိန်ကျန်သေးရဲ့လား မသိတော့ပါ။

ဤသည်တို့ကား မေလ ၁၄ ရက်နေ့ က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်းနှင့် ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့လေးဆီမှ ကိုယ်ဝန်ဆောင်မိခင်များ၏  သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့သော စိတ်ဓာတ်ရေးရာ တိုက်ပွဲပင်ဖြစ်သည်။ ဤပွဲမှာ ရခိုင် မိခင်လောင်းများအနိုင်ရခဲ့ပါ၏။ မုန်တိုင်းတိုက်ခတ်မှုအပြီး မေလ ၁၄ ရက်နေ့ ည ၁၀ နာရီတွင် ရိုးရိုးမွေးလူနာတစ်ဦး၊ မေလ ၁၅ ရက်နေ့ နံနက် ၁ နာရီတွင် ခွဲစိတ်မွေးဖွားပေးခဲ့ရသော မွေးလူနာ တစ်ဦးတို့ကို ပေါက်တောမြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်၊ ဆရာမ၊ သူနာပြုများက အောင်မြင်စွာ ကြိုးပမ်းအားထုတ် မွေးဖွားပေးနိုင်ခဲ့သည်။ ဂုဏ်ပြုလိုက်ပါသည် ပေါက်တောမြို့လေးဆီမှ ဆရာဝန်၊ ဆရာမ၊ သူနာပြုများတို့ရေ...။

လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ

ကိုဗစ်ကပ်ရောဂါ  ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစဉ် အချိန်ကာလကတည်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် အမှာစကားဖြစ်သည်။ ဤစကားရပ်သည်  ကပ်ရောဂါဘေးအတွက် သာမက သဘာဝဘေးအပါအဝင် နိုင်ငံသူ နိုင်ငံသားများ ကြုံတွေ့လာရသည့် မည်သည့်ဘေးအန္တရာယ်အတွက်မဆို  ရာနှုန်းပြည့်သက်ရောက်မှုရှိနေ ပါလိမ့်မည်။ သည့်အတွက်လည်း လူ့အသက်ပေါင်းများစွာကို ကူညီကယ်ဆယ် စောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ မုန်တိုင်းမဝင်ရောက်မီ အကြိုကာလဖြစ်သော ၂၀၂၃ ခုနှစ် မေလ ၇ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့်  အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကာ သဘာဝဘေး ဖြစ်ပွားလာပါက ထိရောက်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အထူးကု ဆေးအဖွဲ့များ၊  အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့(Rapid Response Team)များ ကြိုတင်ဖွဲ့စည်းထားရန်၊ ဆေးနှင့် ဆေးပစ္စည်းများအား ဘေးသင့်နိုင်သည့် ဒေသများနှင့် အနီးဆုံးနေရာများသို့ ကြိုတင်ပို့ဆောင်ထားရန်၊ ကျန်းမာရေးဌာန အဆောက်အအုံများ၊ ဆေးရုံသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးစေရေး ကြိုတင် ပြင်ဆင်ထားရှိရန်၊ ဆေးရုံမှလူနာများ၊ ဝန်ထမ်းများ၊  သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိရန်၊ မုန်တိုင်းလွန်ကာလ၌ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။

ဦးစီးဌာနများအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ပစ္စည်းများ (CT-scan၊ X-ray၊ Ultrasound စသည်) ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ထိခိုက်နိုင်သော ယာဉ်များကို ပျက်စီးမှုမရှိစေရေး ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြသည်။ ကုသရေးဦးစီးဌာန အနေဖြင့်လည်း ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနအပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြည်သူ့ဆေးရုံများအတွက် လုပ်ငန်းသုံးရန်ပုံငွေ၊ လုပ်အားခ၊ ကယ်ဆယ်ရေး ရန်ပုံငွေ၊ စားရေရိက္ခာ၊ စက်သုံးဆီတို့အတွက် သင့်တော်သောရန်ပုံငွေများကို ကြိုတင်ပေးပို့ထားခဲ့သည်။

ကြိုတင်ဖွဲ့စည်းစေလွှတ်ခဲ့သည်

ကျန်းမာရေး ဝန်ကြီးဌာနသည် ဆေးတက္ကသိုလ်များ  အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အထူးကုဆေးအဖွဲ့ ၁၈ ဖွဲ့၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆရာဝန်များဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၁ ဖွဲ့၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ  ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၆ ဖွဲ့၊  စိတ်ကျန်းမာရေး အထူးကုအဖွဲ့လေးဖွဲ့၊  မျက်စိအထူးကုဆေးအဖွဲ့ လေးဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အဆိုပါဆေးအဖွဲ့များထဲမှ ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နှင့် ဆေးတက္ကသိုလ်-၂(ရန်ကုန်)တို့မှ အထူးကုဆရာဝန် များပါဝင်သော ဆေးအဖွဲ့နှစ်ဖွဲ့ကို စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး (ပြည်)နှင့် ဆေးတက္ကသိုလ် (မကွေး)တို့ မှ အထူးကုဆရာဝန်များပါဝင်သော ဆေးအဖွဲ့ကို ကျောက်ဖြူမြို့  ပြည်သူ့ ဆေးရုံကြီးသို့လည်းကောင်း  ကြိုတင်စုဖွဲ့ စေလွှတ်ထားခဲ့သည်။  ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောက်ရှိလာကြသော ဆရာဝန်တစ်ဦး၊ သူနာပြု လေးဦးစီ ပါဝင်သော အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ (RRT) ငါးဖွဲ့ကိုလည်း ရသေ့တောင် နှင့် ပေါက်တောသို့ ရေကြောင်းခရီးဖြင့်  လည်းကောင်း၊ မောင်တောအဖွဲ့အား  ရဟတ်ယာဉ်ဖြင့်လည်းကောင်း ကြိုတင်စေလွှတ်ခဲ့သည်။ ယင်းသို့ကြိုတင် ရောက်ရှိနေသည့်အဖွဲ့များတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ ရေး)ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဆရာဝန်များ ပါဝင်သည့် ဗဟိုအားဖြည့်အဖွဲ့၊ ကုသရေးဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦးပါဝင်သော အဖွဲ့တို့ကိုပါ  ပူးပေါင်းစေလွှတ်ထားခဲ့သည်။

မုန်တိုင်းလွန်ကာလ ကုသရေးလုပ်ငန်းများစတင်

မိုခါမုန်တိုင်းသည် အရှိန်အဟုန် ပြင်းစွာဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ဦးတည်တိုက်ခတ်လာခဲ့ရာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် မြောက်ပိုင်း မြို့နယ်များဖြစ်သော စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် မုန်တိုင်းသင့်ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းများအမြန်ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက်  လိုအပ်သည့်တည်ဆောက်ရေး ပစ္စည်းများကို   အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးခဲ့သည်။ ကုသရေးအဖွဲ့များအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရေယာဉ်တို့ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ လေယာဉ်၊ သင်္ဘောများ ဖြင့်လည်းကောင်း အမြန်ဆုံးပို့ဆောင်ပေးခဲ့သည်။ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ငါးဦးစီ ပါဝင်သော အရေးပေါ်ကျန်းမာရေး တုံ့ပြန် ဆောင်ရွက်မှုအဖွဲ့ (RRT) နှစ်ဖွဲ့သည် မေလ ၂၀ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာရာ မင်းပြားမြို့နယ်သို့ တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်သို့ တစ်ဖွဲ့ စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့သည်။

အရေးပေါ်ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှု (RRT)အဖွဲ့များ

ယင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင်  မုန်တိုင်းအကြိုကာလနှင့် တိုက်ခတ်ပြီးစအချိန်များ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဆရာဝန် ဆရာမများဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့သည်။ မေလ ၃၀ ရက်နေ့တွင် အလှည့်ကျတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာကြသော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်အဖွဲ့များနှင့် တာဝန်လဲလှယ် ထမ်းဆောင်စေခဲ့သည်။ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့အား  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်သို့ စေလွှတ်ပေးခဲ့ပြီး မြေပုံမြို့နယ်တွင် စတင်တာဝန် ထမ်းဆောင်စေခဲ့သည်။

ယနေ့အချိန်အထိ  ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌ အရေးပေါ်တုံ့ပြန် ရေးဆေးအဖွဲ့များ၏  ဖြန့်ခွဲတာဝန် ထမ်းဆောင်မှုအခြေအနေမှာ မောင်တော မြို့နယ်တွင်တစ်ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် နှစ်ဖွဲ့၊ စစ်တွေမြို့နယ်တွင် တစ်ဖွဲ့၊ ပေါက်တောမြို့နယ်တွင် တစ်ဖွဲ့၊ ကျောက်တော်မြို့နယ်တွင် တစ်ဖွဲ့၊ ဘူးသီးတောင် မြို့နယ်တွင်တစ်ဖွဲ့တို့ ရှိနေကြပြီး ပုဂ္ဂလိကဆေးရုံများ အသင်းဆေးအဖွဲ့အား မြောက်ဦးမြို့နယ်သို့ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်စေလျက်ရှိသည်။

အထူးကုဆေးအဖွဲ့များဖြင့် ကွင်းဆင်းကုသပေး

ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နှင့် ဆေးတက္ကသိုလ်-၂(ရန်ကုန်)မှ အထူးကု ဆရာဝန်ကြီးများပါဝင်သောအဖွဲ့ နှစ်ဖွဲ့သည် ကျောက်တော်မြို့နှင့် မင်းပြားမြို့တို့တွင်  အခြေပြု၍လည်းကောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)မှ အထူးကု ဆရာဝန်ကြီးများသည် ရသေ့တောင်မြို့နှင့် ပေါက်တောမြို့တို့တွင် အခြေပြု၍ လည်းကောင်း ကုသမှုများဆောင်ရွက်ပေးခဲ့သည်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီး (ခွဲစိတ်) တို့ကိုလည်း ရသေ့တောင်၊ ပေါက်တောသို့ လိုက်ပါပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ရန်ကုန်မြို့မှ ရောက်ရှိလာသော မျက်စိ အထူးကုဆေးအဖွဲ့သည်  စစ်တွေဆေးရုံကြီးတွင် အခြေပြုကာ မျက်စိ လူနာများအား ကုသပေးလျက်ရှိသည်။ ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများ ပါဝင်လာသောကြောင့် အထွေထွေရောဂါ၊ ခွဲစိတ်ကုလူနာ၊ ကလေးရောဂါ၊ အရိုး အကြော၊ မျက်စိ၊ သားဖွားမီးယပ်၊ သွား နှင့် ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများကို ကုသပေးသည့်အပြင် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးနှံ ခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည်။

ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ကုသခွင့်ရခဲ့ကြသော လူနာဦးရေ မှာ ရသေ့တောင်တွင် ၁၉၁ ဦး၊ စစ်တွေ မြို့နယ်အတွင်းရှိ ကြွီတဲတွင် ၃၉၄ ဦး၊ မင်းဂံတွင် ၂၉၄ ဦး၊ သက္ကေပြင်တွင် ၅၈ ဦး၊ မင်းပြားတွင် ၁၁၅၀၊ ကျောက်တော် တွင် ၉၆၁ ဦး၊ ပုဏ္ဏားကျွန်းတွင် ၂၇၅ ဦး၊ ပေါက်တောတွင် ၃၇၁ ဦး၊ မာန်အောင်တွင် ၈၄၈ ဦး၊ ဘူးသီးတောင်တွင် ၁၉၀၊ မောင်တောတွင် ၅၃၃ ဦး စုစုပေါင်း ၅၂၆၅ ဦးဖြစ်သည်။ အဆိုပါအထူးကု ဆရာဝန်ကြီးများ ကုသမှုပေးနေသော နေရာများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန်လင်း နှင့်  ဒုတိယဝန်ကြီးများ ပါဝင်သောအဖွဲ့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြရာ မေလ ၂၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ လည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် ပေါက်တောမြို့သို့လည်းကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် စစ်တွေမြို့နယ် ကြွီတဲ ကျေးရွာသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။ အထူးကုဆေးအဖွဲ့များကို ကုသ ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့သည်။ စစ်တွေမြို့နယ်  ကြွီတဲကျေးရွာသို့ ရောက်ရှိစဉ် သားဖွား မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ တင်တင်ဝင်း က မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာအမျိုးသမီး တစ်ဦးအား ခဲရာခဲဆစ် ဝိုင်းဝန်းကုသ ကယ်ဆယ်ခဲ့ရပုံကို  ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းအမျိုးသမီးသည် သားအိမ်ပြင်ပ သန္ဓေတည်ရာမှ သန္ဓေ သားပေါက်ထွက်၍ ဝမ်းဗိုက်အတွင်း သွေးထွက်သွေးလွန်  လူနာအဖြစ်  ရောက်ရှိလာသော ( Ectopic Preg-nancy) ရောဂါဖြစ်သည်။ အချိန်မီ ခွဲစိတ် ကုသမှုမပြုနိုင်ခဲ့ပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ အလေးထားစောင့်ကြပ်ကြည့်ရှု

သဘာဝဘေးနှင့် ကြုံကြိုက်နေ စဉ်ကာလ၌  အထူးသတိပြုရမည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တစ်ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ မကျရောက်စေရေးပင်ဖြစ်သည်။ ရခိုင်ပြည်နယ် အနေအထားသည် အချို့ကျေးရွာများ၌ မိုးရေလှောင်ကန်၊ ရေစုမြေသားကန်များကို အားထားသုံးစွဲနေရသည်။ သန့်ရှင်းသော သောက်သုံးရေမရပါက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်  အခြားရောဂါများပါ ရရှိနိုင်သည်ကို သတိပြုရပေမည်။ သည့်အတွက်လည်း နိုင်ငံတော် အကြီးအကဲက မေလ ၁၅ ရက်နေ့ စစ်တွေခရီးစဉ်၌ “ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး၊  ရေသန့်ဆေးများ လိုက်လံခတ်ပေးရန်နှင့် ရေတွင်းရေကန် ပတ်ဝန်းကျင်များ  သန့်ရှင်းစေရေး၊ ရေဆိုးရေညစ် အညစ်အကြေးများကို အမြန်ရှင်းလင်းရန်” လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

မိုခါမုန်တိုင်း ကျရောက်ပြီး ရက်အနည်းငယ်အကြာ မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောလူနာနှစ်ဦး၊ မြို့နယ် ပြင်ပ ကျေးလက်ကျန်းမာရေးဌာနများ၌ ခုနစ်ဦး၊ ပေါက်တောပြည်သူ့ဆေးရုံ၌ တစ်ဦး၊ မင်းပြားပြည်သူ့ဆေးရုံ၌ တစ်ဦး နှင့် ကျေးလက်ကျန်းမာရေးဌာနများ၌  ၂၄ ဦး၊ မာန်အောင်မြို့နယ် ကျေးလက် ကျန်းမာရေးဌာနများ၌  ခြောက်ဦး စုစုပေါင်း ၄၁ ဦးဖြစ်ပွားခဲ့သည်။ သို့ဖြစ်၍ အဆိုပါ နေ့ရက်များမှစတင်ကာ မင်းပြား မြို့နယ်ကို အထူးအာရုံစိုက်၍ စောင့်ကြည့် ကုသပေးခဲ့သည်။ ကျန်မြို့နယ်များတွင် အနည်းငယ်တွေ့ရှိခဲ့ရသော်လည်း ပြင်ပလူနာအနေဖြင့်သာ လာရောက်ပြသ ကုသမှုခံယူကာ ကောင်းမွန်သွားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ဇွန်လ ၃ ရက်နေ့ တွင် မြို့နယ်အသီးသီး၌ ဝမ်းပျက် ဝမ်းလျှောရောဂါ တွေ့ရှိရသူ ၁၀ ဦးသာ ရှိပါတော့သည်။ စစ်တွေတွင် ခြောက်ဦး၊ ရသေ့တောင် နှစ်ဦး၊ ပေါက်တော တစ်ဦး၊ ဘူးသီးတောင် တစ်ဦးတို့သည် အတွင်းလူနာ ငါးဦး၊ ပြင်ပလူနာ ငါးဦးအဖြစ် လာရောက်ကုသမှုခံယူကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသ များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကပ်ရောဂါအမျိုးမျိုး မဖြစ်ပွား အောင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ စေတနာထား ကြိုးပမ်းဆောင်ရွက်မှုများဖြင့်  ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရသည်။  အခြားရောဂါများဖြင့် တက်ရောက်ကုသမှု အခြေအနေကို ဆန်းစစ်လေ့လာကြည့်သောအခါ ရခိုင် ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်၌ ပြည်သူ့ဆေးရုံကြီးငယ် ၁၇ ရုံ တိုက်နယ် ဆေးရုံ ၄၂ ရုံ စုစုပေါင်း ၅၉ ရုံတို့တွင် ၁၆-၅-၂၀၂၃ ရက်နေ့မှ ၃-၆-၂၀၂၃ ရက် နေ့အထိ လာရောက်ကုသမှုခံယူကြသော ပြင်ပလူနာ ၁၀၆၁၀၊ အတွင်းလူနာ ၂၀၂၀၉ ဦးရှိခဲ့ပြီး ကျေးလက်ကျန်းမာ ရေးဌာနများသို့ လာရောက်ပြသသူ ၅၁၃၃၇ ဦးရှိခဲ့သည်။ ရေသန့်ဆေးခတ်ပေးမှု ၃၉၈၅ ကြိမ်၊ ကျန်းမာရေး အသိပညာပေးဟောပြောမှု ၆၁၇၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု

ဇွန်လ ၁ ရက်နေ့၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သောအခါ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရသည်။ ကျောင်းကျန်းမာရေး ရက်သတ္တ ပတ်လှုပ်ရှားမှုအဖြစ်  ကျောင်းသား ကျောင်းသူလေးများအား ကျန်းမာရေး ပညာပေး ဟောပြောခြင်း၊ ဆေးစစ်ခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကျန်မြို့နယ်များတွင်လည်း အလားတူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏စွမ်းဆောင်မှုများကို ဒေသခံ ပြည်သူများက ကျေးဇူးတင်အသိအမှတ်ပြုကြသည်။ ဂုဏ်ယူပါသည် ကျန်းမာရေးဝန်ကြီးဌာန….။      ။