“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၆) (အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

မြင့်စိုး(နတလ)

ရခိုင်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

စစ်တွေမြို့မှာရောက်ရှိနေခိုက် ရခိုင်ပြည်နယ်၏ အားကစားလှုပ်ရှားဆောင်ရွက်မှု များနှင့်ပတ်သက်၍ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့လာရသည်။ မိုခါမုန်တိုင်းဒဏ်သင့်တာ မသင့်တာ အပထား၊ မန္တလေးတွင် ကျင်းပနေသည့် U-19 အမျိုးသားဘောလုံးပြိုင်ပွဲမှာ စိတ်ဓာတ်ကောင်းစွာ ဝင်ရောက်ယှဉ်ပြိုင်နေသည်ကတော့ ချီးကျူးစရာကောင်းနေသည်။ ဇွန် ၈ ရက်မှ ၂၈ ရက်အထိ ယှဉ်ပြိုင်ကြမည်။ လာမည့် ဇူလိုင်လထဲမှာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ဖူဆယ်ပြိုင်ပွဲအတွက်လည်း ညှိနှိုင်း အစည်းအဝေးတက်ရောက်ရန် သွားရောက်ဖို့ရှိကြောင်း ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေး က ပြောသည်။ သူလည်းပဲ ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအားကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူ့ဆရာညွှန်ကြားရေးမှူး ဦးဝင်းမောင် ကလည်း ဘောလုံးအားကစားသမား တစ်ဦးပင်။ သမီးခင်မေဌေးနှင့် စကားစပ်မိရင်း ရခိုင်ပြည်နယ်ဇာတိဖွား နိုင်ငံ့ဂုဏ်ဆောင်  ပြေးခုန်ပစ်အားကစားသမား ညီအစ်ကိုများဖြစ်ကြသော ဦးကျော်မြ၊ ဦးဝင်းမြ၊ ဦးစိုးမြ၊ ဦးရဲမြတို့ ညီအစ်ကို တွေအကြောင်း ပြောဖြစ်ခဲ့သည်။ တစ်ချိန်က သတင်းစာတွေထဲမှာတော့ ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ရခိုင်တိုင်းရင်းသား အသံထွက်အတိုင်း တုတ်ထောက်ခုန် အားကစားသမား ဝင်းမရ၊ စိုးမရ စသည်ဖြင့် ဖော်ပြကြတာတွေကိုလည်း အမှတ်ရမိသည်။ မှတ်မှတ်ရရ ကျွန်တော် နယ်စပ်ရေးရာဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ် ကာလ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့်အတူ သွားရောက်ခဲ့သော စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရီးစဉ်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြလည်း လိုက်ပါလာသဖြင့် အားကစားအကြောင်းတွေ ပြောဖြစ်ကြသေးသည်။ ဦးဝင်းမြသည် ဆရာဝန်ကြီး တစ်ဦးဖြစ်သလို သံအမတ်ကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခင်မေဌေးရေ… သမီးတို့ဆီမှာ ရခိုင်ဇာတိဖွား မြန်မာ့လက်ရွေးစင် အားကစားသမားတွေ စာရင်းရှိလား၊ ရှိသလောက်ရှာလာခဲ့စမ်းပါဟု တောင်းယူလေ့လာ ကြည့်လိုက်သောအခါဝယ်၊ ကျွန်တော်ငယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်နေသော နိုင်ငံကျော်အားကစားသမားများကို တွေ့လိုက်ရပါပြီ။ ဒေါ်ခင်ပုဆို သောအမည်၊ ကျွန်တော်တို့ ၃ တန်း၊ ၄ တန်းအရွယ် ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွေမှာ မခင်ပုဆိုသော အမည်က ပြေးခုန်ပစ်အားကစားနည်း နှင့်တွဲ၍ ကျော်ကြားခဲ့သည်။ လှံတံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်သည်။ အလျားခုန်နှင့် မီတာ ၁၀၀ တာတို အပြေးမယ် ဒေါ်မြသူဇာသည်လည်းပဲ ၁၉၇၉ ခုနှစ်က ရွှေတံဆိပ်ဆုရှင်ဖြစ်ကြောင်း၊ သူနှင့် ညီအစ်မတစ်ဝမ်းကွဲ တော်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံထံမှ သိရသည်။ ၁၉၇၅ ခုနှစ် အားကစားသမားကြီး များဖြစ်ကြသော ဦးခင်စိုး(မာရသွန်)နှင့် ဦးသက်ထွန်းကျော် (တုတ်ထောက်ခုန်)တို့ကိုလည်း အမည်စာရင်းထဲမှာ တွေ့လိုက်ရ၏။ သူယူလာသော စာရင်းထဲမှာ မြန်မာ့လက်ရွေးစင်အားကစား သမား ၈၀ ၏ အမည်နာမများကို ဖော်ပြထားသည်။ ထိုအထဲက ကာယ ဗလ၊ ကရာတေးဒို၊ ဂျူဒို၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ ဘတ်စကက်ဘော၊ သုံးမျိုးစုံ၊ စက်ဘီး၊ မြားပစ်၊ ဝူရှူး၊ လှေလှော်၊ သေနတ်ပစ်၊ Squash၊ ကန်ပို၊ ဂေါက်သီး၊ နပန်း၊ လက်ဝှေ့အားကစား လက်ရွေးစင်များကမူ ကျွန်တော်နှင့် သိပ်မရင်းနှီးပါ၊ သူ့ကာလနှင့်သူ ရခိုင် ပြည်နယ်၏ဂုဏ်ကို ဆောင်ခဲ့ကြသူများဟု ဆိုရမည်သာ။ 

သို့သော် ဘောလုံးအားကစားသမား ထဲမှာတော့ ကျွန်တော်ငယ်စဉ်က ရင်းနှီးခဲ့သော နာမည်တစ်ခုကို ထပ်မံတွေ့ရှိ လိုက်ပြန်ပါပြီ။ ဦးမောင်မောင်ညွန့် ၁၉၇၀-၇၁ အချိန်ကာလများဆီက ဂိုး-မောင်မောင်ညွန့်။ မြန်မာ့လက်ရွေးစင် ဂိုးသမားများဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဦးတင်အောင်တို့က စောလိမ့်မည် ထင်ပါသည်။  မာဒေးကားခေတ် လက်ရွေးစင်များဟု ပြောရမည်လားမသိ။ ဒီဘက်ခေတ်ကို ရောက်လာတော့ ဦးမောင်မောင်ညွန့်တို့၊ မျိုးလှိုင်ဝင်း၏ ဖခင် ဂိုး-ဦးတင်ဝင်းတို့ ပေါ်ပေါက်လာကြသည်။ မြန်မာ့ဘောလုံးလောက တဖြည်းဖြည်း အရောင်မှိန်လာသောအခါ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကြည်လွင်၊ တင်မြင့်အောင်၊ စိုးမြတ်မင်း တို့နောက်ပိုင်း ဘောလုံးသမားအမည်များက ကျွန်တော့်ရင်ထဲသို့ ရောက်မလာတော့ပါ။ သို့သော် မိမိတို့ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ဇာတိဖွား မြန်မာ့လက်ရွေးစင်ဂိုးသမား မေခင်ယမင်းကိုတော့ဖြင့် သိနေပါသည်။ ကျွန်တော်တို့တိုင်းဧရာ၏ ဆောင်ပုဒ်ဖြစ်သော “ရိုးသားကြိုးစား ဧရာဝတီသား” ထဲမှာ သူလည်းတစ်ယောက်အပါအဝင် ဖြစ်ကြောင်း ကြုံကြိုက်ရင်း ကြွားလိုက် ချင်ပါသေး၏။ 

မြေပုံကို ဂုဏ်ဆောင်သည့် နော်ထက်ထက်ဝေ

ရခိုင်ပြည်နယ်အတွက် ကျွန်တော် ဝင့်ဝင့်ကြွားကြွား ဂုဏ်ပြုစကား ပြောကြားပေးလိုသော အမျိုးသမီး အားကစားသမားတစ်ဦး ရှိနေပါသေးသည်။ သူကတော့ မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ကွင်းလယ် အားကစားသမား၊ ကျောနံပါတ် ၆ နော်ထက်ထက်ဝေ ဖြစ်သည်။ သူ့အစ်မ ကတော့ ကျောနံပါတ် ၇ သန်းသန်းထွေး ကဲ့သို့ပင် ဘောလုံးဖြန့်ဝေမှုရော ကွင်းလယ် အဖျက်ရော၊ တိုက်စစ်သို့ လိုက်ပါကစားနိုင်မှုပါ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သည်ကို ဗီယက်နမ်နှင့် ဖိုင်နယ်ပွဲစဉ်မှာ မြင်ခဲ့ရသည်။ ဘောလုံးစကေး လည်းကောင်းပါသည်။ ရခိုင်ပြည်နယ် မြေပုံမြို့၌ နေထိုင်လျက်ရှိပြီး နာမည်က နော်ထက်ထက်ဝေ ဖြစ်နေရသည့် အကြောင်းကိုလည်း စိတ်ဝင်စား၍ မေးမြန်းကြည့်မိသည်။

အဘိုးက စကောကရင်တိုင်းရင်းသား၊ ထို့ကြောင့် အဖေက ကရင်၊ အမေက ချင်းတိုင်းရင်းသူ၊ သည့်အတွက် ကရင်နှင့် ချင်းသွေးပါနေသည့် နော်ထက်ထက်ဝေကို မွေးဖွားလာခဲ့သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့၍ ပညာရေးဝန်ကြီးဌာန၏ YREO – FC တွင် ပါဝင်ကစားခွင့်ရခဲ့သည်။ ထိုမှ U-19 လက်ရွေးစင်ဖြစ်ခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကြီးတွင် ပါဝင်ကစားနေပြီဖြစ်ကြောင်း သိရ၏။ ရခိုင်ပြည်နယ်အတွက် ဂုဏ်ယူ မိပါသည်၊ သမီး နော်ထက်ထက်ဝေ…။

လူငယ်လူရွယ်တိုင်းအတွက် လမ်းညွှန်မှာကြားချက်

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဇွန် ၁ ရက် နံနက်ပိုင်းက နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းအခမ်းအနားတွင် မိန့်ကြားခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ အမှာစကားများထဲက အောက်ပါအချက် နှစ်ချက်ကို ကျွန်တော်သတိပြုမှတ်သားခဲ့မိသည်-

    “နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေး နိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့် အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ် သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အားယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း …”

    “နိုင်ငံတော်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမို ရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန်”

မိုခါအငွေ့အသက်တွေကြားက ထပ်ဆင့်ဂုဏ်ပြုပွဲလေးတစ်ခု
(၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့သည်။ အဆိုပါ ဆုတံဆိပ်ရှင်များထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးဘောလုံးပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် နော်ထက်ထက်ဝေ၊ 70kg နှင့် 52kg ၊ ဂျူဒိုပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိခဲ့ကြသော မဖြိုးဆွေဇင်ကျော်နှင့် မခင်ခင်စု၊ ပိုက်ကျော်ခြင်းနှစ်ယောက် တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့ကြသော ဦးအောင်မျိုးဆွေနှင့် ဦးအောင်မျိုးနိုင် တို့လည်း အပါအဝင်ဖြစ်သည်။

အထက်ပါ အားကစားသမား ငါးဦးအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကို ဇွန် ၈ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် စစ်တွေမြို့၌ရောက်ရှိနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့ တက်ရောက် ၍ ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်မှတ်များပေးအပ်ခဲ့ကြသည်။ ဆုရအားကစားသမားများထဲမှ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် နည်းပြများက ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၂၀ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသဖြင့် မုဒိတာပွား၍ ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆို မိပါသည်။ သာလီစွပါ ရခိုင်ဇာတိဖွား အားကစားသမားများတို့ရေ …။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျောင်းသား လူငယ်များနှင့်ထိတွေ့ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၈၂ ကြိမ်၊ သရုပ်ပြပွဲ/EIM အားကစားလှုပ်ရှားမှု ၁၈၅ ကြိမ်၊ အားကစားပစ္စည်းထောက်ပံ့မှု ၇၈ ကြိမ် ဟောပြောပို့ချ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း အကောင်အထည်ဖော် ဆောင် ရွက်မည့် လျာထားချက်တွင်မူ လူငယ်စကားဝိုင်းများကိုပါ ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

အစဉ်အလာကောင်းများနှင့် ရခိုင်အားကစား

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အုပ်စုပွဲစဉ်အချို့ကို ကျွန်တော်ကြည့်ရှုခွင့်ရခဲ့သည်။ ရခိုင်ပြည်နယ်အသင်း၏ ပွဲစဉ်များလည်းပါ၏။ ဖိုင်နယ်သို့ တက်ရောက်လာပြီးနောက် ရှမ်းပြည်နယ်အသင်းနှင့်ဆုံသည်။ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ ပထမဒိုင်းဆုကြီးကို ရခိုင် ပြည်နယ်သို့ သယ်ဆောင်ခွင့်ရသွားခဲ့ကြသည်။ ရိုးရိုးကားဖြင့် သယ်သွားခြင်းမျိုးမဟုတ်၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဆုဖလားကြီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ငွေသားကျပ် ၂၅ သိန်းအပြင် စစ်တွေသို့ အပြန်ခရီးစဉ်အတွက် လေယာဉ်စီစဉ်ပေးခဲ့သည်။ အမျိုးသမီး ဘောလုံးအသင်း၏ အိမ်အပြန်ခရီးက ခမ်းနားထည်ဝါနေသလို စစ်တွေလေဆိပ်မှစ၍ ကြိုဆိုနေကြသော မြို့လူထု၏ အားပေးလက်ခုပ်သံများကလည်း ဘဝဂ်သို့ ညံနေပေတော့သည်။ ဘောလုံးအားကစားအမျိုးသမီး လေးများ ပျော်လိုက်မည့်ဖြစ်ခြင်း။ သူတို့ လေးတွေသည် ရခိုင်လူငယ်များအတွက် အတုယူ အားကျစရာ ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစဉ်အလာ မှတ်တမ်းကောင်းများ ရေးထိုးခဲ့ကြသည်ဆိုလျှင် မမှားတန်ရာ။

ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက် နပန်းပြိုင်ပွဲ

၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း(ယခုပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန) လက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နပန်းအဖွဲ့များ ဖိတ်ကြားခေါ်ယူယှဉ်ပြိုင်စေခဲ့သည်။ 

ရခိုင်ရိုးရာကျင်ကိုင်ပွဲ၏ နည်းစနစ်ကျနမှု၊ သန်မာမှု၊ ဇွဲရှိမှုတို့ကြောင့်လားတော့မသိ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျား၊ မ ကျင်သန်များသည် နပန်းပြိုင်ပွဲများတွင် ကီလိုတန်း အလိုက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် များစွာဆွတ်ခူးခဲ့ကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်က ဆုရသူအများ ဆုံးဖြစ်သည်။ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူတို့လည်းရကြသည်။ စစ်တွေ၊ အမ်း၊ ကျောက်တော်၊ ဂွမြို့နယ်များကတော့ တစ်ဦးစီပါဝင်ကြ၏။ နပန်းပြိုင်ပွဲ၏ တံခွန်စိုက်ဆုဖလားကြီးကိုတော့ ရခိုင်ပြည်နယ်ကပဲ ဆွတ်ခူးရယူသွားပါသည်။ ၂၀၁၇-၂၀၁၈ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး နပန်းပြိုင်ပွဲတွင်လည်း ရခိုင်ပြည်နယ်ကပဲ တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးခဲ့သည်။

နပန်းပွဲအကြောင်း စဉ်းစားရင်းက ရခိုင်ရိုးရာကျင်ကိုင်ပွဲကို မြင်ယောင်မိသည်။ ရန်ကုန်၌ရှိစဉ် တိုင်းရင်းသား ကျေးရွာမှာ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပသည့် ရခိုင်ရိုးရာကျင်ကိုင်ပွဲအား ကြည့်ရှုလေ့လာခွင့်ရခဲ့သည်။ ရှေးရခိုင်ဘုရင်များ လက်ထက်က ကျင်ကိုင်ပွဲတွင် အနိုင်ရသော ကျင်သန်များကို ဘုရင့်ရေတပ်သားအဖြစ် ခန့်အပ်တာဝန်ပေးလေ့ရှိကြောင်း သိရ၏။

၂၀၂၃-၂၀၂၄ အားကစားနှစ်အတွက် ကြိုတင်ပြင်ဆင်

၂၀၂၃-၂၀၂၄ ခုနှစ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် အားကစားနည်း ၂၃ နည်း၊ အားကစားပြိုင်ပွဲ ၂၅ မျိုးတွင် ရခိုင်ပြည်နယ်အနေဖြင့် အားကစားနည်း ၁၉ နည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ တင်းနစ်နှင့် U-18 ပြေးခုန်ပစ်ပြိုင်ပွဲများအား ကျင်းပပြီးစီးခဲ့ရာ ပြေးခုန်ပစ် တွင် ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု ရရှိခဲ့ သည်။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မြို့နယ် အလိုက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပေးနေသည်။ ထိုအထဲတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထူးအလေးထား၍ ပြုပြင်စရာရှိသည်များကို ပြုပြင်၊ ပြိုင်စရာ ရှိသည်များကို ဇွဲ၊ စိတ်ဓာတ်ခိုင်မာစွာဖြင့် သွားရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ရခိုင်ပြည်နယ် အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး ခြင်းသည် ရခိုင်လူငယ်ထု၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါ၏။ ရှေးရှေးက မြန်မာ့လက်ရွေးစင်ကြီးများ၊ ယနေ့ခေတ် အောင်မြင်နေသော ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူမျိုးဆက်သစ် အားကစား သမားများကို အတုယူလျက် နိုင်ငံ့ဂုဏ် ဆောင်၊ ပြည်နယ်ဂုဏ်ဆောင်၊ လူငယ် လူရွယ်များစွာ ထပ်မံပေါ်ထွက်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။ ။