“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၇) (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

မြင့်စိုး(နတလ)

ဖျတ်ခနဲ အမှတ်ရလိုက်မိသော မှတ်တမ်းဓာတ်ပုံလေးများ


မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့ကြီး မေလ ၁၄ ရက်နေ့မှစ၍ မီးအမှောင်ကျ သွားခဲ့သည်။ တာဝန်ရှိသူများ၏ စီမံကွပ်ကဲမှု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများ၏ ကြိုးပမ်းမှုတို့ဖြင့် မေလ ၂၅ ရက်နေ့တွင် လောကာနန္ဒာစေတီတော် ကြီးအား လျှပ်စစ်မီးပူဇော်နိုင်ခဲ့သလို စစ်တွေမြို့တွင်း လမ်းမကြီးများကို မီးလင်းစေခဲ့သည်။ 500 KVA မီးစက်ဖြင့် ယာယီပေးခဲ့ခြင်းဖြစ်၏။ တစ်ပြိုင်တည်းမှာပင် တယ်လီဖုန်းများ အားသွင်းရန်၊ အိမ်သုံးလျှပ်စစ်မီးအိမ်များ အားသွင်းရန်နေရာ ရှစ်ခုသတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ညစဉ်ညတိုင်း လာရောက်အားသွင်းသူ ရာထောင်ချီ၍ရှိခဲ့သည်။ ကိုယ်ပိုင်မီးစက်မသုံးနိုင်သူများအဖို့တော့ ၁၀ ရက်ခန့်အကြာတွင် လျှပ်စစ်မီးကို ပြန်မြင်ရခြင်း၊ ဖုန်းအားသွင်းနိုင်ခြင်းသည် ကမ္ဘာဦးလူတို့ နေနှင့်လကို စမြင်လိုက်ရသကဲ့သို့ အံ့ဩဝမ်းသာဖြစ်မိကြမှာမလွဲပေ။ လူတစ်ဦးချင်းစီအတွက်၊ မိသားစုအတွက်၊ မိမိတို့လုပ်ငန်းဆောင်တာများအတွက် ဆက်သွယ်ရေးကဏ္ဍသည် မရှိမဖြစ်လိုအပ်နေသည် မဟုတ်ပါလား။

ထိုနေ့ထိုရက်များက ယဉ်ကျေးမှု ပြတိုက်ရှေ့နှင့် ကားကြီးဝင်းတို့တွင် စစ်တွေမြို့သူမြို့သားများစွာ တယ်လီဖုန်းအားသွင်းရန် စုဝေးရောက်ရှိနေသည့် မှတ်တမ်းဓာတ်ပုံလေးများကို မြင်လိုက်ရသောအခါ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် စုဆောင်း သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးများကို အမှတ်ရမိသည်။ ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့၌ ‘ဝ’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက် လာခဲ့ချိန်မှစ၍ ‘ဝ’ ဒေသ ဝိန်းကောင်၊ ပန်ဆန်း၊ မိုင်းမောဒေသများတွင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဟိုပန်-မိုင်းမော -ပန်ဆန်းလမ်းက တစ်ကြောင်းထိုးမြေ လမ်းသာသာအဆင့်မျှသာ၊ တာကော် အက်- ဝိန်းကောင်- ပန်ဆန်းလမ်းက လည်းဖောက်လုပ်ဆဲ။ ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့်အချိန်မှာပင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီတို့၏လမ်းညွှန်မှုဖြင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ဆပ်ကော်မတီသည် ပန်ဆန်းမြို့ (၁၉၈၉ ခုနှစ်က ပန်ဆန်းကျေးရွာ)သို့ ရုပ်ရှင်ပြစက်များ ပို့ဆောင်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု သတင်းမှတ်တမ်းကားများ ပြသပေးခြင်း၊ အပေါ်စက်၊ အောက်စက်ဟုခေါ်သည့် ဗီဒီယိုပြစက်များဖြင့် ဗီဒီယိုဇာတ်ကား များ ပြသပေးခြင်း၊ သတင်းနှင့် စာနယ်ဇင်းအဖွဲ့များ စေလွှတ်၍ ဆောင်းပါးများရေးသားခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ ရုပ်သံအစီအစဉ်များ ရိုက်ကူးပြသခြင်းတို့ ဆောင်ရွက်စေခဲ့သည်။ ကိုးကန့်ဒေသ၊ ကျိုင်းတုံအရှေ့ဒေသ (မိုင်းလားဒေသ)များဆီသို့ လည်း  အလားတူစေလွှတ်ပေးခဲ့သည်။

ထိုအချိန်ကာလတုန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်တိုင်ဓာတ်ပုံဆရာများ ဖြစ်သော ကိုအောင်တင်၊  ကိုသန်းအောင်၊ ကိုခင်မောင်ကျော်၊ ကျော်ဆွေမိုး၊ မိုးမင်းလှိုင်တို့၏ လက်ရာတွေပဲလားတော့မသိ၊ ပန်ဆန်းမြို့ ဘုန်းတော်ကြီးကျောင်းမှာ ဗီဒီယိုဇာတ်ကားပြသနေသည်ကို ‘ဝ’ တိုင်းရင်းသား တိုင်းရင်းသူ ၂၀၀ ခန့် ဝိုင်းအုံကြည့်ရှု သဘောကျရယ်မောနေ လိုက်ကြသည်များ ရိုက်ထားသည်မှာ အသက်ဝင်လှသည်။ မိုင်းလားဒေသမှာလည်း ထိုနည်းတူစွာပင် သက်ငယ်မိုးထရံကာ မိုင်းလား အ.မ.ကကျောင်းလေး ရှိရာသို့ ကျောင်းတက်ရန် သွားနေကြသော ကျောင်းသားလေးများကို ရိုက်ထားသည့်ပုံ၊ ယခင်မိုင်းလားကျေးရွာငယ် လေးပုံ စသည်တို့ကို မှတ်တမ်းတင်ခဲ့ကြသည်။ ယနေ့အချိန်အခါမှာတော့ ပန်ဆန်းသည်လည်းကောင်း၊ မိုင်းလားသည်လည်းကောင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့သည်လည်းကောင်း ဟည်းဟည်းထနေသည့် မြို့ကြီးများအဖြစ်သို့ ရောက်ရှိနေပြီဆိုတော့ကာ ကျွန်တော် တယုတယသိမ်းဆည်းထားသော အဆိုပါဓာတ်ပုံလေးများက ပန်ဆန်းရွာ၊ မိုင်းလားရွာလေးများအကြောင်း၊ ငြိမ်းချမ်းရေး၏အသီးအပွင့် များအကြောင်း ပြန်ပြောင်းပြောပြကြပါလိမ့်မည်။ “မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆိုင်ရာမှတ်တမ်း ဓာတ်ပုံများသည်လည်း တစ်ချိန်မှာ ရခိုင် တိုင်းရင်းသားများအတွက် အမှတ်တရ ရှိနေကြပါလိမ့်မည်။ စကားပြောသော ဓာတ်ပုံလေးများ ဖြစ်လာကြပါလိမ့်မည်။

ဆက်သွယ်ရေးကဏ္ဍ ကြိုတင်စီစဉ်ဆောင်ရွက်မှုများ

မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီဆိုလျှင် လျှပ်စစ်မီးများ ပြတ်တောက်သွားမည်ဖြစ်သလို ဆက်သွယ်ရေးကဏ္ဍသည်လည်း အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရတော့မည်မှာမလွဲပေ။ သည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနသည် အကောင်းဆုံး ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ အကယ်၍ မုန်တိုင်းဒဏ်ကြောင့် မိုက်ခရိုဝေ့ဗ်နှင့် ဖိုင်ဘာဆက်ကြောင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော် အရေးပေါ် ဆက်သွယ်ဆောင်ရွက်နိုင်ရန် တယ်လီဖုန်းလေးလုံးနှင့် အင်တာနက် စနစ်အသုံးပြုနိုင်သော ဂြိုဟ်တုဆက်သွယ် ရေးစနစ်သုံး Satellite Terminal ၁၀ စုံကို ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တောနှင့် စစ်တွေမြို့၊ ချင်းပြည် နယ်အတွင်းမှ မတူပီနှင့် မင်းတပ်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကိုကိုး ကျွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စသည့်မြို့တို့တွင် ကြိုတင်ပို့ဆောင် ထားရှိခဲ့သည်။ အလားတူ မိုဘိုင်းယာဉ် လေးစီးကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ ပုသိမ်မြို့တို့တွင် ဖြန့်ခွဲထားရှိခဲ့ပြီး တိကျသော မိုးလေဝသခန့်မှန်းချက်များ ထွက်ပေါ်လာချိန်တွင် စစ်တွေမြို့သို့ လေးစီးစလုံး ပို့ဆောင်ထားရှိပေးခဲ့သည်။ MPT Satellite Terminal စနစ်များနှင့် မိုဘိုင်းယာဉ်များကို ဒေသအလိုက် ကြိုတင်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ် ခဲ့ကြသည်။

မိုဘိုင်းဖုန်းများမှ သတိပေးစာတိုများပေးပို့ခဲ့

မိုခါမုန်တိုင်းမဝင်ရောက်မီ အကြိုကာလများတွင် ရခိုင်ပြည်နယ်အပါအဝင် ဧရာဝတီ၊ ချင်း၊ မကွေး၊ စစ်ကိုင်းတို့သည်လည်း အခြေအနေအရပ်ရပ်ကို ကြိုတင်မြော်တွေးလျက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ ရရှိလာချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ သတိပေးစာတို(Shot Message SMS)များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့သည်။ မှတ်တမ်းများအရ မေလ ၈ ရက် နေ့မှ ၁၄ ရက်နေ့ နံနက်ခင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးတို့မှ မိုဘိုင်းဖုန်းသုံးစွဲသူ ၃၁ သန်းကျော်ထံသို့ ၁၁ ကြိမ်တိတိ SMS ပေးပို့ထားကြောင်း သိရှိရသည်။

‘မိုခါ’ဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှုများ

မေလ ၁၄ ရက်နေ့ ရခိုင်ပြည်နယ် အတွင်းသို့ မိုခါဝင်ရောက်လာပြီးနောက် ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ၎င်းနှင့် ဆက်စပ်နယ်မြေ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း ပင်မဖိုင်ဘာ ကေဘယ်လ်ပြတ်တောက်မှု ငါးနေရာဖြစ်ပေါ်ခဲ့သည်။ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့တို့တွင် တာဝါတိုင် ၁၀ တိုင်ပြိုလဲခြင်း၊ မြို့တွင်း ဖိုင်ဘာကေဘယ်လ်များ ပြတ်တောက်ခြင်း၊ မြို့တွင်းနှင့် အဝေးဆက်သွယ်ရေး မိုက်ခရိုဝေ့ဗ်ဆက်ကြောင်းများ ပြတ်တောက်ခြင်းတို့ကြောင့် ဆက်သွယ်ရေးစခန်းများ ထိခိုက်ပျက်စီးခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း၌ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် စခန်း ၉၀၄ ခု ဆက်သွယ်မှု ပြတ်တောက်သွားပြီး ကျန်စခန်း ၃၂၉ ခုသာ ဝန်ဆောင်မှု ပေးနိုင်တော့သည့်အခြေအနေဖြစ်ပေါ်ခဲ့ သည်။ တစ်နည်းအားဖြင့် ၂၆ ဒသမ ၆၈ ရာခိုင်နှုန်းသာ ကောင်းမွန်ပါတော့သည်။ စစ်တွေမြို့တွင်း၌လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများ၏ ကွန်ကရစ်တိုင် စုစုပေါင်း တိုင် ၄၅၀ နှင့် ကေဘယ်လ်ကွန်ရက်၏ ၉၀ ရာခိုင်နှုန်း ခန့် ပျက်စီးချို့ယွင်းသွားခဲ့သည်။

ကြီးကြပ်ကွပ်ကဲရေးတာဝန်နှင့်စုဖွဲ့မှု

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အနီးကပ် ကြီးကြပ်ကွပ်ကဲရန်အတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်တို့ တာဝန်ပေးခြင်းခံရသည်။ မေလ ၁၅ ရက်နေ့တွင် ကွပ်ကဲမှုစတင် ရယူခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦးတို့ အတူပါရှိလာသလို အခြားသောဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူများလည်း အင်နှင့်အားနှင့် ရောက်ရှိလာကြသည်။ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် အဖွဲ့ဝင် ၁၂ ဦး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်နှင့် လေးဦး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် တစ်ဦး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် နှစ်ဦး၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် နှစ်ဦး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးနွေမိုးငြိမ်း၊ မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရ ဦးအောင်မျိုးမြင့်နှင့် နှစ်ဦး၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးခမ်းအောင်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးရဲမင်းဦးတို့ပါဝင်သည်။

ရခိုင်ပြည်နယ် ဆက်သွယ်ရေးကဏ္ဍ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအင်အားစုဖွဲ့ပြင်ဆင်မှုကလည်း အားရစရာကောင်းလှသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၃၁၇ ဦး၊ Ooredoo မှ ၅၈ ဦး၊ ATOM မှ ၈၂ ဦး၊ Telecom International မှ ၇၉ ဦး စုစုပေါင်း ၅၃၆ ဦး ပါဝင်ထမ်းဆောင်လျက် ရှိသည်။ တစ်ဖက်က အော်ပရေတာများ အလိုက် ဆက်သွယ်မှုအမြန်ပြန်ရစေရန် မိုဘိုင်းယာဉ်များနှင့် Satellite Terminal များကို သက်ဆိုင်ရာမြို့အလိုက် အရေးကြီးနေရာများတွင် တပ်ဆင်ခြင်း၊ ချို့ယွင်းသွားသော ပင်မဖိုင်ဘာများနှင့် မိုက်ခရိုဝေ့ဗ်ဆက်ကြောင်းများ ပြုပြင် ခြင်း၊ အခြားလမ်းကြောင်းများမှ ပြောင်းလဲ ချိတ်ဆက်ခြင်း၊ ချို့ယွင်းပစ္စည်းများကို အရန်ပစ္စည်းများနှင့် အစားထိုးလဲလှယ်ခြင်း၊ မြို့တွင်းကေဘယ်လ်ကွန်ရက်များ ပြုပြင်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း မြို့တွင်း ကေဘယ်လ်များ ပြန်လည်ကောင်းမွန်စေ ရန် ကျိုးကျပျက်စီးသွားသော ကွန်ကရစ်တိုင်များနှင့် ကေဘယ်လ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အသစ်သွယ်တန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြရသည်။ ကျိုးကျပျက်စီးသွားသော ကွန်ကရစ်တိုင်များနေရာတွင် ရှစ်မီတာတိုင် ၄၀၀ အစားထိုး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ပျက်စီးသွားသော ကော့ပါးကေဘယ်လ်များနေရာတွင် ဖိုင်ဘာကေဘယ်လ် ၆၃၀၀၀ မီတာဖြင့် အစားထိုးတပ်ဆင် ပေးမည်ဖြစ်ရာ လာမည့်ဇူလိုင်လလယ် တွင် ပြီးစီးမည်ဖြစ်သည်။ ယင်းကဲ့သို့ ဝန်ထမ်းအင်အား စုဖွဲ့မှုအားကောင်းစွာဖြင့်လည်းကောင်း၊ ယာဉ်နှင့် ကရိန်းကား အစီး ၃၀ အသုံးပြု၍လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဇွန်လ ၁၂ ရက် နေ့ထိ မိုဘိုင်းစခန်း ၁၂၁၇ ခု၊ ရာခိုင်နှုန်း အားဖြင့် ၉၈ ဒသမ ၇၀ ရာခိုင်နှုန်း ပြန်လည်၍ ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။

အလှူဒါနပြုကြသူငါ SMS မှာ

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသ ပြည်သူများအတွက် အော်ပရေတာ အသီးသီးထံသို့ SMS များ ပေးပို့လှူဒါန်းလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက် နေ့ထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ၅၇၅၄၅၀၀ ကျပ်၊ Telecom International Myanmar သို့ ၁၃၈၂၅၀၀ ကျပ်၊ Atom Myanmar သို့ ၈၂၁၅၀၀ ကျပ်၊ Ooredoo သို့ ၂၆၆၅၀၀ ကျပ် စုစုပေါင်း ၈၂၂၅၀၀၀ ကျပ် ထည့်ဝင်လှူဒါန်းကြပြီးဖြစ်သည်။ ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာ များကိုယ်တိုင်သည်ပင်လျှင် မိုခါမုန်တိုင်း ဒဏ်သင့်ရခိုင်ဒေသ ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ MPT က သိန်း ၁၀၀၀၊ ATOM က သိန်း ၁၀၀၀၊ Telecom International Myanmar (Mytel) က သိန်း ၁၀၀၀ နှင့်ညီမျှသည့် စားသောက်ဖွယ်ရာများ၊ Ooredoo က ကျပ်သိန်း ၂၀၀ ပါဝင်လှူဒါန်းခဲ့သည်။

အဓိကအကျဆုံးသော သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ
ထိုကဏ္ဍကိုတင်ပြရလျှင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကိုသာ ဖော်ပြ၍မရတော့ပေ။ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အချိန်နှင့် တစ်ပြေးညီတင်ပြနေရသော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသည်လည်းကောင်း၊ ရန်ကုန်မြို့မှ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြင့် ကယ်ဆယ်ကူညီ ထောက်ပံ့ရေးပစ္စည်းများကို နိစ္စဓူဝစီစဉ် ပို့ဆောင်ပေးနေရသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည်လည်းကောင်း၊ ရောက်ရှိလာသော အဆိုပါပစ္စည်းများကို အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး၊ သက်ဆိုင်ရာမုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဖြန့်ဝေပေးပို့နိုင်ရေး စီမံဆောင်ရွက်နေရသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သည်လည်းကောင်း၊ တပ်မတော် (ရေ) နှင့် တပ်မတော်(လေ)တို့၏ အခန်းကဏ္ဍသည်လည်းကောင်း၊ ပစ္စည်းများကို ပင်ပန်းကြီးစွာ ထမ်းပိုးသယ်ချမတင်ပေးနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင် ရေယာဉ်ကြီးများ၏ အခန်းကဏ္ဍသည် လည်းကောင်း အရေးကြီးသောနေရာများမှ အသီးသီးအသကပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများမှအစ မိုးလေဝသ ပညာရှင်များပါမကျန် သယ်ယူပို့ဆောင် ရေးလုပ်ငန်းတာဝန်များကို အောင်မြင်အောင် တက်ညီလက်ညီကြိုးပမ်း ထမ်းဆောင်လျက်ရှိကြသည်။

ကယ်ဆယ်၊ ကူညီ၊ ထောက်ပံ့ပစ္စည်းများ ရောက်ရှိလာမှု

မုန်တိုင်းလွန်ကာလဖြစ်သော မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ တပ်မတော်(လေ)၏ Y-8 လေယာဉ်ဖြင့် ၃၆ ခေါက် သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၁၄၂ ဒသမ ၆၈၀ တန် ရောက်ရှိလာခဲ့သည်။ ATR လေယာဉ်ဖြင့် ၈၂ ခေါက်အထိ သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၂၄၇ ဒသမ ၆၆၃ တန် ရောက်ရှိ ပြီးဖြစ်သည်။ စုစုပေါင်း ၃၉၀ ဒသမ ၃၄၃ တန် သယ်ဆောင်ပေးခဲ့ကြသည်။ အဆိုပါရက်များအတွင်း ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနိုင်မှု အခြေအနေ မှာ တပ်မတော်ရေယာဉ် ၁၀ စင်းဖြင့် ကုန်တန်ချိန် ၄၀၃၃ ဒသမ ၆ တန်ကို သယ်ယူပေးခဲ့သည်။ ပုဂ္ဂလိကပိုင် ကုန်တင်ရေယာဉ် ကိုးစင်းဖြင့် ကုန်တန်ချိန် ၁၄၈၈၅ တန် သယ်ယူခဲ့ရာ စုစုပေါင်း ၁၈၉၁၈ ဒသမ ၆ တန်ကို သယ်ယူပေးခဲ့သည်။

ကြီးမားသောရေယာဉ်ကြီးများ

အမှန်ပြောရလျှင် ပင်လယ်ကမ်းနားနှင့် သိပ်မနီးစပ်ခဲ့သော ကျွန်တော့်အနေဖြင့် စစ်ရေယာဉ် မုတ္တမနှင့် အရပ်ဘက်ရေယာဉ်ကြီးများ  ဖြစ်ကြသည့် MV Aquarius၊ MV Fortune၊ MV Sunshine တို့ကဲ့သို့သော အလွန်ကြီးမားသည့် ရေယာဉ်ကြီးများနှင့် ရင်းနှီး ကျွမ်းဝင်ခြင်းမရှိခဲ့ပေ။ နီးနီးစပ်စပ် မမြင်ဖူးခဲ့။ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ၏ ဖိတ်ကြားခေါ်ယူမှုကြောင့် ကျွန်တော် တို့အားလုံး စစ်ရေယာဉ် မုတ္တမပေါ်သို့ တက်ရောက်လေ့လာခွင့် ရခဲ့သည်။ ဤရေယာဉ်ကြီးကို တစ်နှစ်အတွင်း တည်ဆောက်ရေချနိုင်အောင် စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်ဟုဆို၏။ ကြီးမား ထည်ဝါလှပါဘိ။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့စဉ်က ဦးစီးဌာန၏တာဝန်ပေးချက်အရ ရန်ကုန်လေဆိပ်တွင် တာဝန်တစ်ခုထမ်းဆောင် ခဲ့ရဖူးသည်။ ထိုစဉ်ကာလ အတွေ့အကြုံကတစ်မျိုး။ အလွန်ကြီးမားသည့် ကုန်တင်လေယာဉ်ကြီးများကို မြင်ခဲ့ဖူးခြင်းပင်။ အိမ်တစ်လုံးနီးပါးရှိသော လေယာဉ်ကိုယ်ထည်ကို မဆိုထားနှင့်၊ လူတစ်ရပ်ခန့်မြင့်သည့် လေယာဉ် ဘီးကြီးများကြားတွင် ဝင်ရောက်သွားလာပြီး ပါလာသည့်ပစ္စည်းစာရင်း တောင်းယူ ကောက်ခံခဲ့ကြသည်ကို အမှတ်ရမိသည်။

တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် ဦးဆောင်သော အဆိုပါကော်မတီအနေဖြင့်လည်း ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက် နေသည်ကို တွေ့မြင်ခဲ့ရသည်။ တည်ဆောက်ရေး ပစ္စည်းများဟုဆိုခဲ့သည့်အတိုင်း သင်္ဘောကြီးများပေါ်၌ ပါလာသည့် ပစ္စည်းများ အမြန်ချနိုင်ရေး ဆိပ်ကမ်းအသီးသီးတွင် စနစ်တကျ ဆိုက်ကပ်၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ ရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့နှင့် ညှိနှိုင်းဆောင်ရွက်ရသလို သင်္ဘောပေါ် တွင် ပါလာသော သစ်၊ သံ၊ သွပ်၊ ဘိလပ်မြေ အစရှိသည့် တည်ဆောက်ရေးသုံး ပစ္စည်းများကို တပ်မတော် (ရေ) ကမ်းထိုး ရေယာဉ်များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၏ ကုလားတန် ၂ ၊ ၃၊ ၄ ၊ ၅ ၊ ၆ ရေယာဉ်များဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ မောင်တော၊ မြေပုံ၊ မင်းပြားမြို့နယ်တို့သို့ အချိန်မီ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ကြရသည်။ တည်ဆောက်ရေးပစ္စည်းများအပြင် စားသောက်ကုန်များ၊ အထွေထွေ ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ထွန် စက်များလည်း ပါဝင်ပါသည်။

အမှတ်တရ စစ်တွေ - ရေချမ်းပြင် RBE ရထားခရီးစဉ်

ပြန်တွေးကြည့်လျှင် ကျွန်တော် ရထားမစီးဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခု မကပင် ရှိနေပါပကောလား။ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင်မူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးထိန်လင်းတို့နှင့်အတူ ဒုတိယဝန်ကြီးများ၊ DG၊ MD များလိုက်ပါ၍ RBE ရထားတွဲ နှစ်တွဲဖြင့် စစ်တွေ ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ စီးနင်းလိုက်ပါခဲ့ကြသည်။ စိတ်ထဲတွင် ငယ်စဉ်က စီးခဲ့ဖူးသော သာရဝေါ - ရန်ကုန်ရထားကိုပင် လွမ်းရတော့မလိုလို၊ မိသားစုနှင့်စီးခဲ့သော ရန်ကုန် - မန္တလေး ခရီးကိုပင် သတိရသလိုလိုဖြစ်မိခဲ့သည်။ စစ်တွေ - ရေချမ်းပြင်ခရီးက မဝေးလှပါ၊ ၁၁ မိုင်စွန်းစွန်းမျှသာ။ ပတ်ဝန်းကျင် ကျေးရွာသူကျေးရွာသားများ၏ သွားလာရေး၊ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးနှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေအောင်  ဤရထားလမ်းကို ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။

ခြုံငုံသုံးသပ်တင်ပြရလျှင် မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည် ထူထောင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးအကဲများနှင့် ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများက မှတ်တမ်းတစ်ခုအနေဖြင့် ဂုဏ်ယူဖွယ်ရာ တင်ကျန်ရစ်နေမည်မှာ သေချာလှပေသည်။ ။