“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ(၈) (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

မြင့်စိုး(နတလ)

ရေချမ်းပြင်သို့ ရောက်ခဲ့သည်

ကုလားတန်မြစ်ကို ဂစ္ဆပနဒီ သို့မဟုတ် ကစ္ဆပနဒီမြစ်ဟု ခေါ်ကြသည်။ မယူမြစ် သို့မဟုတ် မလ္လာနဒီဟု ရှေးကခေါ်တွင်လာကြသည့် မေယုမြစ်ဆိုတာကလည်း ရှိနေသေးသည်။ လေးမြို့မြစ်ကိုမူ အဉ္စန နဒီဟု ခေါ်ဆိုကြကြောင်း သိရသည်။ ရန္ဓနဒီ (ခေါ်)ရန်ချောင်း၊ သီရိမာနဒီ (ခေါ်) သရေချောင်းတို့သည်လည်း ရခိုင်ပြည်နယ်၏ ထင်ရှားသော မြစ်ချောင်း များထဲမှာ ပါဝင်နေကြသည်။ အဆိုပါ မြစ်ချောင်းများသည် ရခိုင်ပြည်နယ်၏ အသက်သွေးကြောများဆိုလျှင် မမှားပေ။ ဤမည်သော မြစ်ချောင်းများစွာ တို့ကိုအမှီပြု၍ စားရေရိက္ခာပေါများခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဆန်ရေစပါး ပေါများကြွယ်ဝရာ အရပ်ဒေသဖြစ်ခဲ့ခြင်းကြောင့် ဓညဝတီဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ဆိုကြသည်။ ထို့ပြင် တဝပေ၊ ပုရပိုဒ်၊ ကျောက်စာများတွင်ပါရှိသည့်အတိုင်း သေလာဂီရိ၊ မောရပဗ္ဗတ၊ သီရိဂုတ္တ၊ နီလာပဗ္ဗတအစရှိသော တောတောင် အမည်နာမများဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ယဉ်ကျေးမှုထွန်းကားရာ၊ သာသနာရောင်ဝါထွန်းလင်း တောက်ပရာဒေသ ဖြစ်ခဲ့ခြင်းကြောင့်လည်း ဓညဝတီကို ရွှေပြည်ငွေပြည် သို့မဟုတ် ရတနာရွှေမြေ ဟူ၍လည်း ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း မှတ်သားခဲ့ဖူးသည်။

ဝတီလေးရပ်အမည်နာမဖြင့် ထင်ရှားကျော်ကြားခဲ့သော ရခိုင်ပြည်နယ်သို့ ၁၉၉၇ ခုနှစ်တွင် စတင်ရောက်ဖူးခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်များတွင်မူ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ပေးနေသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြု၍ မကြာမကြာရောက်ခွင့်ကြုံခဲ့သည်။ မယူမြစ်(ခေါ်)မေယုမြစ်ကိုဆန်၍ ဘူးသီးတောင်သို့ သွားရောက်ကာ ထိုမှတစ်ဆင့် ဘူးသီးတောင်-တောင်ဘဇာ လမ်းဖောက်လုပ်နေမှု၊ တောင်ဘဇာမှ ဗန္ဓုလလမ်း ၄၅/၀ မိုင် ဖောက်လုပ်ရန် လျာထားဆောင်ရွက်နေ မှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ဖူးသည်။ မောင်တောဒေသတွင်မူ ဝေသာလီ-ဥဒေါင်းလမ်း ၁၃/၀ မိုင်ကို ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ပေးထားပြီးဖြစ်သည်။ ဤမည်သော မောင်တောဒေသကို ဘူးသီးတောင်မှတစ်ဆင့် သွားလာနိုင်သကဲ့သို့ စစ်တွေမှ ရေချမ်းပြင်ကူးတို့ဆိပ်သို့ သွားရောက်ပြီး စက်လှေဖြင့် ပင်လယ်ဝကိုဖြတ်၍ အငူမော်ဆိပ်ကမ်းဘက်သို့ကူးကာ အငူမော်မှ မောင်တော ၅၀/၀ မိုင်ကို ကားဖြင့် သွားရောက်နိုင်သည်။ အငူမော်မှ ၂၄/၀ မိုင်ခန့်အကွာတွင် ကျောက်ပန္ဒုဟု အမည်ရသော ရွာလေးရှိနေသည်။ ထိုရွာလေးအနီးက ပင်လယ်ထဲမှာ ထီးထီးမားမားကြီး တွေ့မြင်နိုင်သော ကျောက်တုံးကြီးတစ်တုံးရှိနေသည်။ အဝေးကလှမ်းကြည့်လျှင် ဆေးတံခေါင်းကြီးနှင့်တူနေသောကြောင့် ရခိုင်စကားအရ ကျောက်ပန္ဒု၊ ကျောက်ဆေး တံကြီးဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်ဆေးတံကြီးကို အနီးကပ်သွားရောက် ကြည့်ရှုလျှင် ထိုင်စရာပလ္လင်ကြီးတစ်ခုနှင့် တူနေပြန်သည်။ တစ်ချိန်က သီတာမင်းသမီးထိုင်ခဲ့ဖူးသော ပလ္လင်ဖြစ်၍ မဟ်သီတာပလ္လင်ဟူ၍လည်း ခေါ်ခဲ့ကြကြောင်း ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ကြားသိရပါသေးသည်။
တစ်ချိန်က မကြာခဏရောက်ခဲ့ဖူးသော ရေချမ်းပြင်ကူးတို့ဆိပ်သို့ ပြီးခဲ့သည့် ဇွန် ၄ ရက်က ပြန်လည်ရောက်ခွင့်ကြုံလာခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း ဒဏ်သင့် ရခိုင်ဒေသမြို့နယ်များတွင် မိုးစပါးအမီ ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် လယ်ထွန်စက် ကြီးများပေးပို့လာခဲ့ရာ စစ်တွေမြို့သို့ သင်္ဘောဖြင့် ရောက်ရှိလာခဲ့သည်။ ယင်းထွန်စက်များအနက် ၁၄ စီးကို ရေချမ်းပြင်ဆိပ်၌ တပ်မတော်ကမ်းထိုး ရေယာဉ်များပေါ်သို့ တင်ဆောင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ခွဲဝေပို့ဆောင်ပေးခဲ့သည်။ ယင်းသို့ပို့ဆောင်ပေးခြင်းကို စစ်တွေမြို့တွင် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့်အဖွဲ့က သွားရောက်အားပေးကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။

သရုပ်ပြထွန်ယက်၊ မျိုးစပါးများပေးအပ်ခဲ့

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများတွင် အချိန်မီထွန်ယက်၍ မိုးစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရောက်ရှိလာသော လယ်ထွန်စက်ကြီးများဖြင့် သရုပ်ပြ ထွန်ယက်ခြင်းနှင့် အထွက်တိုးစပါးမျိုးများ ပေးအပ်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန် ၇ ရက်က စစ်တွေမြို့နယ် ပျားလည်ချောင်းကျေးရွာ (ရွာဟောင်း)၌ ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့က ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပန်းတိုင်အထွက်နှုန်း ရရှိစေရန် လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုတိုက်တွန်းမှာကြားခဲ့သည်။ ဇွန် ၁၂ ရက်ကလည်း စစ်တွေမြို့နယ် ကွန်းတောင်ကျေးရွာ၌ သရုပ်ပြထွန်ယက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး တို့လည်း တက်ရောက်အားပေးခဲ့ကြသည်။

မြို့နယ်အသီးသီးတွင် စက်မှုလယ်ယာက ထွန်ယက်ပေးနေ
စက်မှုလယ်ယာဦးစီးဌာနသည် မြို့နယ်အသီးသီးတွင် မူလကတည်းကရှိပြီး ထွန်စက် အစီး ၅၀၊ ထပ်မံရောက်ရှိလာသော ထွန်စက် ၃၃ စီး စုစုပေါင်း ၈၃ စီးဖြင့် မိုးစပါးရာသီအမီ ထွန်ယက်ပေးလျက်ရှိရာ စစ်တွေမြို့နယ်၌ ထွန်စက် ၃၅ စီး၊ ရသေ့ တောင်မြို့နယ်၌ ထွန်စက် ၁၄ စီး၊ ကျောက်တော် မြို့နယ်၌ ၁၃ စီး၊ မြောက်ဦးမြို့နယ်၌ လေးစီး၊ မင်းပြားမြို့နယ်၌ လေးစီး၊ သံတွဲမြို့နယ်၌ ခုနစ်စီး၊ ကျောက်ဖြူမြို့နယ်၌ နှစ်စီး၊ အမ်းမြို့နယ်၌ နှစ်စီး၊ မောင်တောမြို့နယ်၌ နှစ်စီးတို့ဖြင့် ဖြန့်ခွဲထွန်ယက် ပေးနေကြောင်း သိရသည်။

စပါးမျိုးများ ပို့ဆောင်ပေးမည်

မေ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သော ‘‘မိုခါ’’ မုန်တိုင်းကြောင့် စစ်တွေမြို့ သိုလှောင်ရုံ၌ သိုလှောင်ထားသည့် စပါးမျိုးကောင်းမျိုးသန့် ၂၆၈၆၅ တင်းသည် သိုလှောင်ရုံပြိုကျမှုနှင့်အတူ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အလားတူ မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ကြရသည့် ရခိုင်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ တောင်သူများ၏ မျိုးစပါးများသည်လည်း နေအိမ်များ အမိုးလန်ပျက်စီးမှုနှင့်အတူ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များအလိုက် မျိုးစပါးလိုအပ်မှုအခြေအနေကို ရယူခဲ့ရာ စစ်တွေခရိုင် စစ်တွေမြို့နယ် ကျေးရွာအုပ်စု ၁၂ စုရှိတောင်သူ ၇၄၇ ဦးအတွက် မျိုးစပါး တင်း ၂၅၀၀၊ ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၈၅ စုရှိ တောင်သူ ၆၃၆၃ ဦးအတွက် မျိုးစပါး ၅၄၀၁၃ တင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာအုပ်စု ၃၅ စုရှိ တောင်သူ ၁၆၄၀ အတွက် မျိုးစပါး ၈၇၄၂ တင်း၊ ပေါက်တောမြို့နယ် ကျေးရွာအုပ်စု ၂၀ ရှိ တောင်သူ ၆၀၇ ဦးအတွက် မျိုးစပါးတင်း ၄၅၀၀၊ မြောက်ဦး ခရိုင် မြောက်ဦးမြို့နယ် ကျေးရွာအုပ်စု ၂၂ စုရှိ တောင်သူ ၃၃၃ ဦးအတွက် မျိုးစပါး ၂၄၀၂ တင်း၊ ကျောက်တော်မြို့နယ် ကျေးရွာအုပ်စုငါးခုရှိ တောင်သူ ၉၃ ဦးအတွက် မျိုးစပါးတင်း ၄၀၀၊ မောင်တောခရိုင် မောင်တောမြို့နယ် ကျေးရွာအုပ်စု ငါးခုရှိ တောင်သူ ၇၃ ဦးအတွက် မျိုးစပါးတင်း ၂၄၀၊ ဘူးသီးတောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ ခုရှိ တောင်သူ ၂၄၉ ဦး အတွက် မျိုးစပါးတင်း ၆၀၀၊ စုစုပေါင်း ခရိုင် သုံးခု မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉၅ စုရှိ တောင်သူ ၁၀၁၀၅ ဦး အတွက် မျိုးစပါး ၇၃၃၉၇ တင်း လိုအပ်ကြောင်း သိရသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းဒေသထွက် ပေါ်ဆန်းရင် မျိုးစပါး ၃၇၀၆၇ တင်း၊ ဖျာပုံဒေသထွက် ကျားပျံမျိုးစပါး တင်း ၄၀၀၀၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးဒေသထွက် ပေါ်ဆန်းရင် တင်း ၃၀၀၀၊ ပဲခူး တိုင်းဒေသကြီး ရေတာရှည်ဒေသထွက် နှံကောက် မျိုးစပါးတင်း ၃၉၃၀၊ နေပြည်တော်မှ ဂရိတ်ဝေါ GW-11 မျိုးစပါး တင်း ၂၀၀၀၀ စုစုပေါင်း ၆၇၉၉၇ တင်းကို ဝယ်ယူထောက်ပံ့ပေးမည်ဖြစ်ပြီး ဂရိတ် ဝေါမှ GW-11 မျိုးစပါး တင်း ၅၀၀၀၊ ရေတာရှည် ယွန်းလျှံလယ်ယာအထောက်အကူပြု စခန်းမှ ဦးအောင်မျိုးဦးက နှံကောက်မျိုးစပါး တင်း ၄၀၀ စုစုပေါင်း တင်း ၅၄၀၀ လှူဒါန်းကြသည်။

ခိုင်းကျွဲ၊ ခိုင်းနွားများ လိုအပ်ချက်ပေါ်ပေါက်လာ

မိုခါမုန်တိုင်းမဝင်ရောက်မီ လွန်ခဲ့သည့်သုံးလခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ ငတောက်တဲ့ကျေးရွာ၊ ကျောက်တန်းကြီးကျေးရွာ၊ ပျားလည်ချောင်းကျေးရွာများသို့ ကျွန်တော် ရောက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆိုပါကျေးရွာ သုံးရွာအပါအဝင် ကျေးရွာငါးရွာ၌ နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်ကျောင်းစနစ်၊ လှန်ကျောင်းစနစ်မပြုလုပ်ဘဲ ခြံလှောင်စနစ်ဖြင့်မွေးမြူ၍ ထွက်ရှိလာသော စွန့်ပစ်နွားချေးများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချရန်၊ နွားစာအတွက် အဲဗားဂရင်းမြက် စိုက်ပျိုးရေးလိုအပ်သည်များ စီစဉ်ဆောင်ရွက်ရန် ညှိနှိုင်းမှာကြားဆောင်ရွက်ခဲ့သည်။ မုန်တိုင်းဖြစ်ပေါ်သည့် မေ ၁၄ ရက်က သမဝါယမအသင်းအဖွဲ့ပိုင် အဆိုပါနွားမွေးမြူရေးခြံအချို့ ပျက်စီးခြင်း၊ နွားများ သေဆုံး၊ ပျောက်ဆုံးခြင်း အချို့ရှိခဲ့သည်။ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင် ဦးစီးအဖွဲ့အား ယင်းကျေးရွာများသို့ သွားရောက်စေပြီး မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှုကာ လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွားနှင့် အခြားတိရစ္ဆာန် သေဆုံး၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့သည်။ သည့်အတွက် လယ်ယာမြေများ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရန် လယ်ထွန်စက်များပေးပို့ခြင်းအပြင် ခိုင်းကျွဲ၊ ခိုင်းနွားများ လိုအပ်ချက်ကို ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ မြို့နယ်အလိုက် ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ချိတ်ဆက်ကောက်ယူမှု ပဏာမစာရင်းအရ ခိုင်းကျွဲ ၈၆၃ ကောင်၊ ခိုင်းနွား ၁၉၈၇ ကောင် စုစုပေါင်း အကောင် ၂၈၅၀ လိုအပ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအစီအစဉ်ဖြင့်  ကျွဲနွားတိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုး အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ ကျွဲနွား ၄၈၂၈ ကောင်၊ ဝက် ၁၁၇ ကောင်၊ ကြက် အကောင် ၁၂၀၀ တို့ကို ထိုးနှံပေးခဲ့သည်။ မကျန်းမာ သော ကျွဲနွား ၄၃၃ ကောင်၊ ဆိတ် ၂၉ ကောင်၊ ဝက် အကောင် ၁၃၀ ကို ကုသမှုများပြုလုပ်ပေးခဲ့သည်။

ရေငန်တားတာ၊ လယ်သမားတာနှင့် ဆားငန်ခံမျိုးစပါး

ကျွန်တော် ဧရာဝတီတိုင်းဒေသကြီး ဇာတိဖွား၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများနှင့် သိပ်မစိမ်းလှပါ။ သို့သော် အထက်ပါဝေါဟာရ သုံးမျိုးကိုတော့ဖြင့် မရင်းနှီးခဲ့တာအမှန်ပင်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးထားသော ရေငန်တားတာ၊ လယ်သမားများကိုယ်တိုင် စိုက်ခင်းများသို့ ရေငန်မဝင်ရောက်ရေး ဆောင်ရွက်ထားသော လယ်သမားတာ၊ ပင်လယ်ရေငန်ဒဏ်ကို ခံနိုင်ရည်ရှိသော ဆားငန်ခံမျိုးစပါးဆိုသည့် အမည်များဖြစ်သည်။ ယခု ရခိုင်ခရီးစဉ်မှာ အများဆုံးကြားဖူးနားဝဖြစ်လာ ခဲ့သည်။ ရခိုင်ဒေသမှာ လာရောက် တာဝန်ထမ်းဆောင်စဉ် အထက်ဌာနခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် တပ်မတော်လေယာဉ်စီး၍ နေပြည်တော်သို့ပြန်၊ ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ ကိုတက်၊ ဇွန် ၁၈ ရက် ရန်ကုန်ဆင်း၊ ဇွန် ၁၉ ရက် မြန်မာ့လေကြောင်း ဖြင့် ရန်ကုန်မှစစ်တွေသို့ ပြန်လည် ထွက်ခွာခဲ့သည်။ ပျံသန်းချိန် ၁ နာရီ ၁၀ မိနစ်။ ကျွန်တော့် စိတ်အထင် မိနစ် ၅၀ အကြာမှာ မြစ်ဝကျွန်း ပေါ်ဒေသနှင့် အနောက်ရိုးမကို ဖြတ်ကျော်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကို စတင်ထိတွေ့သည်။ ပင်လယ်နှင့် ကုန်းမြေအစပ်များ၊ ကျွန်းစုများ ကို မြင်နေရသည်။ ရှည်လျားသော တာရိုး၊ တာပေါင် သဏ္ဌာန်လေးများကို လှမ်းမြင်ရသောအခါ ဤသည်တို့ကား ရေငန်တားတာများဖြစ်နေမလား၊ လယ်သမားတာလေးများပေလား အတွေးပွားမိသည်။ 

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားရှိသော ရေငန်တားတာ ၃၂ ခု အနက် မောင်တောမြို့နယ်အတွင်းမှ ခြံပြင်တာသည် ပေ ၁၀၀၀၀ ခန့်၊ မြောက်ဦးမြို့နယ်အတွင်းမှ ကုလားပုန်းကျွန်းပတ်တာသည် ပေ ၆၀၀၀ ခန့်၊ မြေပုံမြို့နယ်အတွင်းမှ ငမန်းရဲကျွန်းတာ အပိုင်း (၁) သည် ပေ ၁၆၅၀၀ ခန့်နှင့် အပိုင်း (၂) သည် ပေ ၆၀၀၀ ခန့် ကျိုးပေါက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ယင်းတာလေးခုကို စိုက်ပျိုးချိန်မီ ပြန်လည်ပြုပြင်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနက မြေတူးစက် Back Hoe ၁၇ စီးဖြင့် မေ ၂၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် လုပ်ငန်း အားလုံးပြီးစီးခဲ့ပြီဖြစ်သည်။ ယင်းသို့ဆောင်ရွက် ပေးမှုကြောင့် အဆိုပါတာများ၏ ရေဘေးကာကွယ် ဧရိယာ ၁၇၇၀၆ ဧကအတွင်း စိုက်ပျိုးရန်လျာထား သည့် မိုးစပါးနှင့်အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထို့ပြင် ရသေ့တောင် မြို့နယ်အတွင်းမှ ကျီကျွန်းတာ ၄၉၉၅ ပေ၊ ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းမှ မက္ကလာကျတာ ပေ ၄၃၅၀၊ တန်ခိုးတာ ၆၁၆ ပေ၊ စစ်တွေမြို့နယ်အတွင်းမှ ဝါဘိုလယ်သမားတာ ပေ ၁၀၅၀ တို့ကိုလည်း ပြုပြင်ပေးခဲ့သည်။

ဆားငန်ခံစပါးမျိုးနှင့် ပတ်သက်၍လည်း ဖိလစ်ပိုင်မှာ ပိုကာလီစပါးမျိုးရှိသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ဒေသမျိုးရင်းများဖြစ်သည့် လက်ရုံးကြီး၊ စာပစိတို့ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံ များက စမ်းသပ်ထုတ်လုပ်ထားသော ဧရာမောင်၊ ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ ပြည်မြန်မာစိန်၊ ရွှေအာဆီယံ၊ YSTR-12 ၊ ဆားငန်ခံ-၅၊ ဆားငန်ခံ-၆နှင့် ဆားငန်ခံ ဆင်းသွယ်လတ်မျိုးများကို ယခုရခိုင်ဒေသ၌ စိုက်ပျိုးရန်လျာထားကြောင်း ဒုတိယဝန်ကြီး ဦးတင်ထွဋ် ထံမှ သိရသည်။

သာလီစွပါ ရခိုင်သွေးချင်းတို့ရေ

မုန်တိုင်းလွန်ကာလတွင် ပြန်လည်ထူထောင်ရေး၊ ကူညီထောက်ပံ့ရေးကိစ္စအဝဝကို ပြည်ထောင်စု ဝန်ကြီးများကိုယ်တိုင်ဦးစီး ကွပ်ကဲကြပ်မတ်၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးနေပါသည်။ နေရေးထိုင်ရေး၊ စားရေးကိစ္စများ တဖြည်းဖြည်း အဆင်ပြေချောမွေ့လာသည်နှင့်အမျှ အခြားလုပ်ငန်းများနည်းတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက် ကြရပေမည်။ ရခိုင်ပြည်နယ်အတွင်း၌ အထွက်တိုး စပါးမျိုးများ စိုက်ပျိုးကြရပါမည်။ ဥစားကြက်၊ အသားစားကြက်၊ အသားတိုးဝက်နှင့် ပုစွန်မွေးမြူခြင်း အပါအဝင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရပါဦးမည်။

- ကြိုးစားမှုတိုင်း အောင်မြင်ကြပါစေ
- မျှော်လင့်ခြင်းများဖြင့် ရှင်သန်နိုင်ကြပါစေ
- ပျော်ရွှင်ခြင်းများကိုလည်း ပိုင်ဆိုင်ခွင့်ရကြပါစေ
- သာလီစွပါ ရခိုင်သွေးချင်းတို့ရေ …။ ။