မိုးခေါင်ရေရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မိုးတိမ်တောင်တုဖန်တီးမှုလုပ်ငန်း ထိုင်းနိုင်ငံလုပ်ဆောင်

ဗန်ကောက် ၁၆ ဩဂုတ်

    
ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့တွင် ကြုံတွေ့ခံစားနေရသော မိုးခေါင် ရေရှားပါးမှုကို ဖြေရှင်းရန်အတွက် မိုးတိမ်တောင်တုဖန်တီးမှုလုပ်ငန်းကို ဒီကနေ့မှာ ထိုင်းအစိုးရ စတင်လုပ်ဆောင် ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။


ဝေဟင်ထက် မိုးတိမ်တောင်ပြုလုပ်တဲ့နေရာမှာ ကြည်းတပ်ဌာနခွဲနဲ့ လေတပ်မှ လေယာဉ်ခြောက်စင်း တို့ဟာ မိုးတိမ်နဲ့ စိုက်ပျိုးရေးဆိုင်ရာ လေကြောင်းဌာနရဲ့ လေယာဉ်တွေနဲ့ ပူးပေါင်းပြီး ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်တွေက ကြုံတွေ့ခဲ့ရတဲ့ အဆိုးဝါးဆုံးသော မိုးခေါင်ရေရှားပါးမှုကို တွန်းလှန်ဖို့အတွက် မိုးတိမ်တောင်တုဖန်တီးမှုလုပ်ငန်းဟာ မိုးရွာဖို့တာဝန်တွေကို စက်တင်ဘာလကုန်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မိုးတိမ်နဲ့ စိုက်ပျိုးရေးဆိုင်ရာ လေကြောင်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် က ပြောကြားခဲ့ပါတယ်။ 


မိုးရာသီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အချို့သောဒေသတွေမှာ မိုးခေါင်မှု အနည်းငယ် လျော့ပါးသွားပေမယ့် အဓိက ရေသိုလှောင်ကန် ၁၉ ကန်အပါအဝင် ရေသိုလှောင်ကန် ၂၀ဝ နီးပါးဟာ ရေနည်းပါးနေပါတယ်။ လက်ရှိရာသီနဲ့ လာမည့်ရာသီတွေမှာ သုံးစွဲဖို့ရေ ဖူလုံဖို့အတွက်  မိုးတိမ်တောင်တု ဖန်တီးမှုလုပ်ငန်းနဲ့ ရေထပ်မံဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

 
နိုင်ငံတဝန်းမှာလုပ်ဆောင်နေတဲ့ မိုးတိမ်တောင်တုဖန်တီးမှုလုပ်ငန်း ၁၁ ခုဟာ ရာသီဉတု ပုံမှန်မဖြစ် သရွေ့ ကောင်းကင်မှာ ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ မကြာမီကာလမှာ မိုးရာသီ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။


မိုးခေါင်မှုကို တွန်းလှန်မယ့် မိုးတိမ်တောင်တု ဖန်တီးမှုလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲဖို့ ထိုင်းအစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့လက ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။


ကိုးကား- ဆင်ဟွာ


ဘာသာပြန်- စုရည်