မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ရခိုင်ပြည်နယ်သို့ မျိုးစပါးများ တင်း(၇၀၀၀၀)ကျော် ပေးပို့သွားမည်

နေပြည်တော် ဇွန်  ၂၄

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်နေသော မျိုးစပါးများကို အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါး (၇၃၃၉၇) တင်းကိုပေးပို့ရန် စီမံလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မျိုးစပါးများကို တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် မြန်မာ့တပ်မတော် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ မျိုးစေ့ထုတ် တောင်သူလယ်သမားများ အစုအဖွဲ့များနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများက ထုတ်လုပ်သည့် ပေါ်ဆန်းစပါးမျိုးများ၊ နှံကောက်နှင့် GW-11 မျိုးစပါးများကို ရခိုင် ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများထံ မိုးစပါးစိုက်ချိန်အမီ ဖြန့်ဖြူးပေးနိုင်ရေး အတွက် တပ်မတော်မော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်