မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၄)

(၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့မှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေဝင်ရောက် လာနိုင်ခြင်းကြောင့်လည်းကောင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

 

(ခ) မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ပေခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်  ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

 

Crd> မိုး/ဇလ