မိုက်ခရိုဆော့ရဲ့ ကမ်းလှမ်းချက်ကို တစ်တော့ပယ်ချ

၁၄ စက်တင်ဘာ

 

အမေရိကန် နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့(Microsoft) ရဲ့ ကမ်းလှမ်းချက်ကို တစ်တော့ (TikTok) က တနင်္ဂနွေနေ့က ပယ်ချကြောင်း သိရပါတယ်။

 

တစ်တော့ဟာ အမေရိကန်နိုင်ငံတွင်းမှာ ဆက်လက်လည်ပတ်ဖို့ရန် မိုက်ခရိုဆော့နဲ့ အော်ရီကယ် (Oracle) တို့က ရှယ်ယာဝယ်ရန် ကြိုးစားနေတာဖြစ်ပါတယ်။

 

တစ်တော့ ဝယ်ယူရေးကို မိုက်ခရိုဆော့နဲ့အတူ ကမ်းလှမ်းထားတဲ့ အော်ရီကယ် ကတော့ သူ့ရဲ့ကမ်းလှမ်းချက်ကို တစ်တော့က လက်ခံကြောင်း တရားဝင် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။

 

အော်ရီကယ်ကို အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး ကော်မတီတို့က တရားဝင်လက်ခံဖို့ လိုအပ်နေပါတယ်။

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက သံတမန် မုန်တိုင်းအတွင်း တစ်တော့ဟာ ကြားညှပ်ခံနေရသလို ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်တဲ့ တစ်တော့ကို စက်တင်ဘာ ၂၀  ရက်နေ့မှာ ရောင်းချခြင်း သဘောတူညီချက်တွေ ရရှိဖို့ နောက်ဆုံးထားပြီး ရောင်းချဖို့ မဟုတ်ရင် ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

 

အော်ရီကယ်က တစ်တော့ရဲ့ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျား နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ရှိတဲ့ ရင်းနှစ်မြှုပ်နှံမှုကို ဝယ်ယူရန် ဆန္ဒရှိနေခဲ့ပါတယ်။

 

MDN

ကိုးကား - AFP