မိုက်ပွန်ပီအိုအား နျူကလီးယားဆွေးနွေးပွဲများ ဟန့်တားနေသူတစ်ဦးအဖြစ် မြောက်ကိုရီးယား ဖော်ပြ

ပြုံယမ်း  ၂၇ ဇွန်  
  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသည် နျူကလီးယားအရေးညှိနှိုင်းဆွေးနွေးပွဲများ   မဖြစ်မြောက်အောင် ဟန့်တားနေသူ တစ်ဦးဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက  ပြောကြားလိုက်ကြောင်း သိရသည်။

ပြုံယမ်းနှင့် လုပ်ဆောင်နေသည့်  ဆွေးနွေးပွဲများ  အောင်မြင်မှုမရှိသေးဘဲ  ရပ်တန့်နေချိန်  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်  တောင်ကိုရီးယားနိုင်ငံ  ဆိုးလ်မြို့သို့  မသွားမီ ရက်အနည်းငယ်အလိုတွင် မြောက်ကိုရီးယားက ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံမှုမရှိသလောက်ဖြစ်နေပြီး သမ္မတထရမ့်သည် တောင်ကိုရီးယား သမ္မတ  မွန်ဂျယ်အင်းနှင့်  ဆွေးနွေးပွဲများကျင်းပရန်အတွက် ရက်သတ္တပတ်အကုန်လောက်တွင် ဆိုးလ်မြို့သို့သွားရောက်ရန် ရှိနေသည်။

မြောက်ကိုရီးယား  နိုင်ငံခြားရေးဝန်ကြီးဌာန    ပြောရေးဆိုခွင့်ရှိသူတစ်ဦးက   သမ္မတထရမ့်၏    ထိပ်တန်းသံအမတ်ကြီး ဖြစ်သည့် မိုက်ပွန်ပီအိုကို ဇွန် ၂၆ ရက်တွင် ဝေဖန်ရှုတ်ချလိုက်ပြီး မကြာသေးမီက  မိုက်ပွန်ပီအို၏   မှတ်ချက်များမှာ    မြောက်ကိုရီးယားနိုင်ငံအပေါ်  အလွန်အမင်း ရန်လိုသော အပြုအမူကို  ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး  မိုက်ပွန်ပီအိုသည်   ယခုရက်သတ္တပတ် အတွင်းက  မြောက်ကိုရီးယားနိုင်ငံနှင့် အလုပ်သဘောအဆင့် ဆွေးနွေးပွဲများ    ပြန်လည်စတင်နိုင်ရန်   အလွန်ဖြစ်နိုင်ခြေရှိ ကြောင်းနှင့် မြောက်ကိုရီးယားစီးပွားရေး၏ ၈၀ ရာခိုင်နှုန်းကျော် ခန့် ပိတ်ဆို့ခံထားရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

မိုက်ပွန်ပီအို၏ ထိုသို့ပြောဆိုခဲ့မှုသည် အမှားပြုလုပ်လိုက် ခြင်းဖြစ်ပြီး  အကယ်၍  အမေရိကန်၏  အရေးယူပိတ်ဆို့မှုက မြောက်ကိုရီးယားစီးပွားရေး၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိခိုက်စေခဲ့သည်မှန်လျှင် အမေရိကန်သည် စီးပွားရေး၏ ၁၀ဝ ရာခိုင်နှုန်းအထိ ပိတ်ဆို့ရန် ရည်ရွယ်နေခြင်း  ဟုတ်မဟုတ် မေးစရာ ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှုကို နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်း အေဂျင်စီက  ဖော်ပြခဲ့သည်။  

အေအက်ဖ်ပီ