မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ 

နေပြည်တော်၊ မတ် ၃

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မိုင်းလုံမှ မိုးကုတ်သို့  မောင်းနှင် လာသည့် Nissan ၆ ဘီး ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးသွားပြီး ယာဉ်နောက်လိုက် အေးနိုင် (ခ) စိုးမြင့်နိုင် (၃၀) နှစ် နှင့်အတူ ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်း ရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်