မိုးမောက်၌ မြစ်အတွင်းဓာတ်ပုံဆင်းရိုက်သည့် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

မိုးမောက် ၂၀ ဇူလိုင် 


ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက တာပိန်မြစ်အတွင်း ဓာတ်ပုံဆင်းရိုက်သည့် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ၍ မိုးမောက်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နေ စွမ်းဆောင်နိုင် (၂၂) နှစ်၊ သီဟကျော်ဆွေ (၂၅) နှစ်နှင့် မြို့သစ်တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ တာဝန်ထမ်းဆောင်နေသူ မသက်သက်ဇင် (၂၈) နှစ်တို့ သုံးဦးသည် မိုးမောက်မြို့နယ်၊ ရွယ်ကထောင်ကျေးရွာအနီး တာပိန်မြစ်သို့ရောက်ရှိစဉ် မသက်သက်ဇင်နှင့် စွမ်းဆောင်နိုင်တို့နှစ်ဦးမှာ တာပိန်မြစ်ကမ်းပါးတွင် ဓာတ်ပုံဆင်းရိုက်ရာမှ ကမ်းပေါ်သို့ပြန်လည်ရောက်မလာသဖြင့် သီဟကျော်ဆွေမှ လိုက်လံရှာဖွေရာ မြစ်ကမ်းစပ်တွင် ၎င်းနှစ်ဦးအသုံးပြုသည့် ခဲရောင်မိုးကာတစ်ထည်၊ Scoopy အမျိုးအစား ဆိုင်ကယ်တစ်စီး၊ Xiaomi အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ၎င်းတို့နှစ်ဦးစီးနင်းသည့် ဖိနပ်နှစ်ရံ၊ ပိုက်ဆံအိတ်တစ်လုံး၊ ထီးတစ်လက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စွမ်းဆောင်နိုင်၏မိခင် ဒေါ်မျိုးသူဇာအေးမှ မိုးမောက်မြို့မရဲစခန်းသို့ အကြောင်းကြားတိုင်တန်းခဲ့သဖြင့် မိုးမောက်မြို့မရဲတပ်ဖွဲ့စခန်းမှ ပျောက်ဆုံးနေသူ စွမ်းဆောင်နိုင်နှင့် မသက်သက်ဇင်တို့နှစ်ဦးအား ရှာဖွေတွေ့ရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)