မိုးမိတ်မြို့နယ် ဆင်တဲကုန်းကျေးရွာအဝင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မိုးမိတ်   ဒီဇင်ဘာ  ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဆင်တဲကုန်းကျေးရွာအဝင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာလမ်းကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ဆင်တဲကုန်းကျေးရွာ၌ ကျေးရွာအဝင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာ ကြားခဲ့သည်။

 

အဆိုပါကျေးရွာအဝင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း အရှည် ၅ ဒသမ ၂၂ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မ ထုခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၀၇ ဒသမ ၈၄၉ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည့် မိန်းမြစ်ကုမ္ပဏီက လည်းကောင်း၊ လမ်းအရှည် ၇ ဒသမ ၄၉ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မထု ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၁၅၄ ဒသမ ၄၁၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် Every Ready  ကုမ္ပဏီကလည်းကောင်း တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းအားလုံးရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးမိတ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးတင့်လွင်က ပြောပြခဲ့သည်။

 

အဆိုပါ ကျေးရွာကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးလက်နေပြည်သူများ ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကိုလည်း  ကုန်ကျစရိတ် သက်သာစွာဖြင့်  ရာသီမရွေး အဆင်ပြေချောမွေ့စွာ မြို့ပေါ်ဈေးကွက်သို့  တိုက်ရိုက်တင်ပို့ရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအတွက်လည်း အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး