မိုးမိုး(အင်းလျား) (၇၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် အကြိုခံစားမှု

၂၄  အောက်တိုဘာ

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ ရက်တွေမှာ စာရေးဆရာမကြီး မိုးမိုး (အင်းလျား)ရဲ့ (၇၅) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတော် ကျင်းပမှာဖြစ်ပါတယ်။ ပွဲတော်ကို စာပေပွဲတော်၊ အနုပညာပွဲတော်၊ MSME ဈေးရောင်းပွဲတော်များနှင့်အတူ အမှတ်(၂၂၈) သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနခန်းမတွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆရာမ မိုးမိုး(အင်းလျား)ကို ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အဘ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့က ဒိုက်ဦးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ယနေ့အချိန် သက်ရှိထင်ရှား ရှိမယ်ဆိုရင် ဒီလဒီရက်တွေဟာဖြင့် ဆရာမ ကြီးရဲ့ စိန်ရတုနေ့ရက်များပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့ အသက် ၄၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စာပေလောကရဲ့ အနုပညာကြယ်ပွင့်ကြီးတစ်ပွင့် ကြွေလွင့်ခဲ့ရသလို ရသစာပေလောကရဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။

ဆရာမဟာ လုံးချင်းဝတ္ထုပေါင်း ၂၆ အုပ်၊ ဝတ္ထုတို၊ မဂ္ဂဇင်းဝတ္ထုရှည်ပေါင်းများစွာ ရေးသားခဲ့ပြီး အမျိုးသားစာပေဆုကို လေး ကြိမ်ရရှိခဲ့ပါတယ်။ ရေးသားခဲ့တဲ့ဝတ္ထုတွေ အနက်မှာ ''ပျောက်သောလမ်းမှာ စမ်းတဝါး၊ ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား၊ မသုဓမ္မစာရီ၊ ငြိမ်းကိုရှက်ပါ၊ မှတပါး အခြားမရှိပြီ၊ ရွှေတိဂုံကိုမြင်လျှင်၊ နာမကျန်းသည် အိုနှင်းဆီ၊ မီးရောင်အောက်ကိုဝင်လျှင်၊ အချစ်ဆိုသောအရာ၊ ပွင့်တချို့ ကြွေတချို့၊ သုံးလွန်းတင်မှကြိုး'' စတဲ့ဝတ္ထုတွေဟာ ထင်ရှားလှပါတယ်။

တေးသံတွေ ပျံ့လွင့်ဝေစည်

ကျွန်မအနေနဲ့တော့ ဆရာမနဲ့ ရင်းနှီး ခင်မင်တွေ့ဆုံခွင့် မရခဲ့ပေမယ့် ဆယ်ကျော် သက် အရွယ်ကတည်းက မိုးမိုး(အင်းလျား)ဆိုတဲ့ ကလောင်နဲ့အတူ ဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ဖတ်ရှုရင်း ကြီးပြင်းလာခဲ့ရတာပါ။ ပြောရမယ်ဆိုရင်တော့ လွန်ခဲ့သော ၁၉၉၀ ပြည့်နှစ်ကာလရဲ့ အမှတ်ရစရာလေးတွေကို အလျဉ်းသင့်လို့ပြောပြချင်ပါတယ်။ ၁၉၈၉ ခုနှစ် အရေးအခင်းပြီးစကာလတွေမှာ ဆေးတက္ကသိုလ်တွေ ပိတ်ထားတော့ ကျွန်မက ရေနံချောင်းကို ပြန်ရောက်နေတဲ့အချိန်ကာလ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘဘသခင် ခင်ညွန့်နဲ့အဖွဲ့ဟာ ရေနံချောင်းကို ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ချင်းကပ်ရက် ဦးလေးမောင်မောင်ရဲ့အိမ်မှာ ရုံးခန်းဖွင့်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအတွက် အကြိုမဲဆွယ်စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်ကြပါတယ်။ ကျွန်မ မှတ်မိသလောက် ဘဘ သခင် ခင်ညွန့်နဲ့အတူ သားဖြစ်သူ ဦးမျိုးညွန့်(စာပေလောက)၊ ကဗျာဆရာကြီး (ဦး)တင်မိုး၊ မောင်သွေးသစ်၊ ဦးမြတ်ခိုင်၊ စန္ဒရား (ဦး) တင်ဝင်းလှိုင်နဲ့ အခြားဧည့်သည်တွေလည်း ပါလာကြတယ်။ ရွှေကြာငုံရပ်ကွက် ရွာလယ် ဓမ္မာရုံဘေးမှာ ဟောပြောပွဲတွေလုပ်တယ်။ ရေနံချောင်းသား စာရေးဆရာ၊ ကဗျာဆရာ တွေနဲ့ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ ကဗျာရွတ်ကြတယ်၊ ရေနံချောင်းမြို့နယ် ဂီတအစည်းအရုံးပိုင် စန္ဒရားကြီးနဲ့ သီချင်းတွေဆိုကြတယ်။ ကျွန်မတို့ ညီအစ်မတွေကတော့ ထမင်း တောင် ဖြောင့်ဖြောင့်မစားနိုင်ဘဲ 'နတ်ကရာ ကြည့်မော' လုပ်ခဲ့ကြတယ်။ ရေနံချောင်းတစ်မြို့လုံး၊ ရွှေကြာငုံရပ်ကွက်တစ်ခုလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဒီမိုကရေစီတေးသံတွေ ပျံ့လွင့်ဝေစည်နေ ခဲ့တယ်။

၁၉၉၀ မေလ ရွေးကောက်ပွဲမှာ ဘဘသခင် ခင်ညွန့် အနိုင်ရခဲ့တယ်။ အင်န်အယ်လ်ဒီပါတီအမတ် ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲအတွက် ရန်ကုန်နဲ့ ရေနံချောင်းကူးသန်းနေတဲ့အချိန် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့မှာ ဘဘရဲ့ ချွေးမဖြစ်တဲ့ စာရေးဆရာမ မိုးမိုး(အင်းလျား) ကွယ်လွန်ခဲ့တယ်။ အဲဒီအချိန်မှာ ဘဘနဲ့ သူ့မိသားစုရဲ့ ရင်ထဲကအပူတွေ၊ သောကတွေ ဘယ်လောက်များ ကြီးမားနေမလဲတွေးမိ တယ်။

အတိတ်သမိုင်းဆိုတာ ဖျောက်ဖျက်ပစ်လို့မရနိုင်ပါဘူး။ ၁၉၉၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့မှာ ဘဘတို့အဖွဲ့ ရန်ကုန်ပြန်ကြတယ်။ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ ကျွန်မရဲ့စာမူ ထုပ်ကြီးကို ဦးမြတ်ခိုင်ဖတ်ဖို့ ဒေါင်းသေချောင်း အထိ လိုက်ပို့ခဲ့ရပုံတွေ အခုချိန်အထိ အမှတ်ရ နေခဲ့တယ်။ ကျွန်မလို ဆရာမကြီး မိုးမိုး (အင်းလျား)နဲ့ တိုက်ရိုက်လူချင်းမပတ်သက်၊ မရင်းနှီးခဲ့ရပေမယ့် မိသားစုဝင်တွေနဲ့ တွေ့ဆုံ ခဲ့ရတာလေးကိုပဲ အမှတ်တရဖြစ်နေသူတွေ ရှိမယ်ဆိုရင် ဆရာမနဲ့ သိမီလိုက်၊ ရင်းနှီးခင်မင် ခွင့်ရလိုက်သူတွေ၊ ခေတ်ပြိုင်စာပေ ညီအစ်မတွေအတွက်တော့ အမှတ်တရတွေက ပိုပြီး များကြမှာပါ။

အပြုံးအလှပိုင်ရှင်ပါပဲ

ပြီးခဲ့တဲ့လက ပွဲတော်အကြို အထိမ်း အမှတ်စာစောင်ထုတ်တော့ အဲဒီစာအုပ်လေးထဲမှာ လူထုဒေါ်အမာ၊ ဆရာကြီးသော်တာဆွေ၊ ခင်ဆွေဦး၊ မစန္ဒာ၊ မနှင်းဖွေး၊ ကလျာ (ဝိဇ္ဇာ/သိပ္ပံ)၊ ဂျူး၊ သင့်ဘဝဦးတင်မောင်တို့ရဲ့ ပေးစာ လေးတွေကို ကာယကံရှင်တွေရဲ့ လက်ရေး မူရင်းအတိုင်း ဖော်ပြထားတာဖတ်လိုက်ရပါတယ်။ အဲဒီလိုပဲ ဆက်စပ်ပတ်သက်ခဲ့ဖူးသူ အားလုံးရဲ့ရင်ထဲမှာ အမှတ်တရတွေရှိနေကြမှာပါ။ ကျွန်မအစ်မ ဒေါ်မြင့်မြင့်သိန်းကလည်း အင်းလျားဆောင်သူဆိုတော့ သူတို့အဆောင်ကို မိုးမိုး(အင်းလျား) မကြာခဏ လာတဲ့အကြောင်း၊ ဓာတ်ပုံအတူရိုက်ခဲ့ကြောင်း၊ စကားတွေပြောခဲ့ကြောင်း၊ ကျောင်းပိတ်လို့ အိမ်ပြန်လာရင် ဓာတ်ပုံလေးပြပြပြီး ကျွန်မတို့ကို ကြွားတော့ တာပါပဲ။

မမဂျူးကတော့ အစ်မကြီး မိုးမိုး(အင်းလျား)ရဲ့ မျက်လုံးလေးတွေက သိပ်လှတယ်တဲ့။ ဒီလောက်နာမည်ကြီးလှတဲ့ စာရေးဆရာမ တစ်ယောက် ဒီလောက် မျက်လုံးလှလိမ့်မယ် မထင်ဘူးလို့ ပြောတယ်။ တကယ်လည်း တွေ့ သမျှ၊ ကြည့်သမျှ မိုးမိုး(အင်းလျား)ရဲ့ ဓာတ်ပုံတိုင်းမှာ ထူးခြားတာက 'အပြုံး' ပါပဲ။ ရင်ထဲ နှလုံးသားထဲကလာတဲ့အပြုံးနဲ့ ကြည့်သူတိုင်း ကို မျက်လုံးတောက်တောက်လေးတွေနဲ့ ညှို့ယူဖမ်းစားထားသလို၊ မျက်နှာလေးက လည်း 'ရယ်'၊ မျက်လုံးလေး၊ နှုတ်ခမ်းလေးတွေ ကလည်း ပြုံးရယ်နေတဲ့ ထူးခြားတဲ့ အပြုံးအလှပိုင်ရှင်လို့ သတိပြုမိကြမှာပါပဲ။

လက်ဆင့်ကမ်း မျှဝေပေးမယ့်ပွဲ

အခုလို (၇၅)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်ပွဲတော် ကျင်းပမယ်ဆိုတော့ အဲဒီအမှတ်တရများစွာ၊ အတိတ်ပုံရိပ်များစွာကို ပြန်လည်မြင်ရ၊ ကြားရတော့မယ်ဆိုပြီး ဝမ်းသာမိတယ်။ ဒီလိုပွဲတော်မျိုးကျင်းပဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ မကြာခဏ အစည်းအဝေး တွေ ထိုင်ရတယ်၊ မိုးမိုး(အင်းလျား)ရဲ့ မိသားစု ဝင်တွေနဲ့ တာဝန်ရှိသူ စာပေပညာရှင်ကြီးတွေ စုစည်းကြပြီး ပွဲတော်ကျင်းပရေးကော်မတီတွေ ဖွဲ့တယ်၊ နာယက၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေး မှူး တာဝန်တွေ ခွဲဝေတယ်။ ပွဲတော်ကြီးဖြစ် မြောက် အောင်မြင်ဖို့ အဘက်ဘက်က ထောင့် စေ့အောင်စီစဉ်ကြတယ်။ အကြိုစာပေစကားဝိုင်းတွေ၊ စာနယ်ဇင်းတွေ့ဆုံပွဲတွေ၊ တိုက်ရိုက် အသံလွှင့်မှုတွေ လုပ်ဆောင်ကြတယ်။

ပွဲတော်ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စာပေ၊ အနုပညာနယ်ပယ် အသီးသီးက စာပေအနုပညာရှင်တွေအားလုံး ပူးပေါင်းပါဝင်တင်ဆက် ဆင်နွှဲနိုင်ဖို့ ရည်ရွယ် ပါတယ်။ ရသစာပေ၊ ဘဝသရုပ်ဖော်စာပေတို့ရဲ့ မီးရှူးတန်ဆောင် ဆရာမ မိုးမိုး(အင်းလျား)ကို မသိမမီလိုက်ကြတဲ့ ယနေ့လူငယ်လူရွယ်တွေ ကိုလည်း သိစေချင်တယ်။ အောင်မြင် ကျော်ကြား ထင်ရှားခဲ့တဲ့ ဆရာမရဲ့ စာတွေကို သူတို့လေးတွေ ဖတ်ရှုစေချင်တယ်။ မျိုးဆက်သစ်တွေကို စာပေလက်ဆင့်ကမ်း မျှဝေပေးမယ့် ပွဲဆိုလည်း မမှားပါဘူး။

ဒါ့အပြင် ဒီပွဲတော်ကြီးမှသည် မြန်မာစာပေ တိုးတက်မြှင့်တင်ရေးကိုပါ တစ်ဖက်တစ်လမ်းက ဖော်ဆောင်ခြင်းလို့လည်း ယုံကြည်မိပါတယ်။

တိုင်းပြည်ရဲ့ဂုဏ်

စာပေဟာ ယဉ်ကျေးမှုဖြစ်ပါတယ်။ 'ပြည့်' အမွေအနှစ်ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတာ တိုင်းပြည်ရဲ့ဂုဏ်ဖြစ်ပါတယ်။ စာပေမြင့်မှ လူမျိုးမြင့်မယ်၊ ဘဝမြင့်ပါမယ်။ စာပေနဲ့ဘဝဟာ တိုက်ရိုက် အချိုးကျနေပါတယ်။ စာပေဖန်တီးသူတွေဟာ ကမ္ဘာလောကကြီး သာယာလှပအောင်၊ တိုးတက်အောင် လုပ် ဆောင်နေသူတွေပဲ ဖြစ်ပါတယ်။ စာပေဆိုတာ နှလုံးသားကို ခွန်အားဖြစ်စေတဲ့အရာ ဖြစ်ပါ တယ်။ 'ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ' ဆိုတဲ့ ရသကိုးပါးကို စာပေက ပေးစွမ်းပါတယ်။ 'စာ' ထဲမှာ ဘဝတွေရှိတယ်၊ 'ရသ'တွေရှိတယ်၊ 'အားမာန်' တွေ၊ 'စိတ်ခွန်အား' တွေ၊ 'တွန်းအား'တွေရှိတယ်၊ 'သံဝေဂ' တွေ ရှိတယ်၊ 'ကိုယ်ချင်းစာတရား' တွေ ၊ 'နားလည်ခြင်း'၊ 'သည်းခံခွင့်လွှတ်ခြင်း' တွေ ရှိနေပါတယ်။

ဒီပွဲတော်ကို ကျင်းပခြင်းဖြင့် မြန်မာစာပေကို မြှင့်တင်အားပေးခြင်းဖြစ်သလို မိုးမိုး (အင်းလျား)ကို ချစ်ခင်အားပေးကြတဲ့ စာချစ်သူတွေအားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်သွားမယ့်ပွဲလည်း ဖြစ်ပါတယ်။ ပွဲတော်မှာ မိုးမိုး(အင်းလျား)ရဲ့ ဘဝနဲ့စာပေ ဓာတ်ပုံများ၊ မြန်မာအမျိုးသမီး စာပေပညာရှင် ကြီးများရဲ့ အတ္ထုပ္ပတ္တိနဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

ပွဲတော်အစီအစဉ်တွေကတော့ ၂၅-၁၀-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၉ နာရီမှာ ဖွင့်ပွဲအခမ်းအနား ကျင်းပပါမယ်။ အဲဒီနောက်မှာတော့ ဆရာမ ကြူကြူသင်း၊ စမ်းစမ်းနွဲ့(သာယာဝတီ) မစန္ဒာ၊ မနှင်းဖွေး တို့ရဲ့ 'မိုးမိုးအကြောင်းပြောရအောင်' ဆိုတဲ့ ခေတ်ပြိုင်တို့ရဲ့ စကားဝိုင်းအစီအစဉ် ဖြစ်တယ်။ ပြီးတာနဲ့ ပန်းချီဆရာကြီးဖေညွန့်ဝေရဲ့ 'မိုးမိုး(အင်းလျား)ကို ပန်းချီဖြင့်ခံစားခြင်း'၊ နတ်မောက်အနီချိုရဲ့ စာတမ်းဖတ်ခြင်း ယနေ့ လူငယ်နှင့် ရသစာပေစကားဝိုင်းနဲ့ ကဗျာ ဆရာမ မအိနဲ့ အဖွဲ့ရဲ့ ကဗျာရွတ်ဆိုခြင်းတို့ ပါဝင်ပါမယ်။

၂၆-၁၀-၂၀၁၉ ရက်နေ့မှာတော့ ဆရာ ဦးကြည်စိုးထွန်းရဲ့ 'စာပေမှသည် ရုပ်ရှင်သို့' အနုပညာပြပွဲနဲ့ စတင်ဖွင့်လှစ်ပြီး ဆရာမ စမ်းစမ်းတင်၊ မေအောင်စိုးတို့ရဲ့ 'ငယ်ကျွမ်း ဆွေတို့ စကားဝိုင်း'၊ ဆရာမ သန်းမြင့်အောင် နဲ့ ဂျူးတို့ရဲ့ စာပေဟောပြောပွဲများနဲ့ ဆရာမ ခင်မြဇင်၊ မိချမ်းဝေ၊ နှင်းဝေငြိမ်းတို့ရဲ့ မိုးမိုး (အင်းလျား) ချစ်သူများ စကားဝိုင်းတို့ ဖြစ်ပါတယ်။

၂၇-၁၀-၂၀၁၉ ရက်နေ့မှာတော့ မိုးမိုး (အင်းလျား)ရဲ့ လုံးချင်းဝတ္ထုသုံးသပ်ချက် ပြိုင်ပွဲ၊ ဆရာမ ရာသက်ပန်(တောင်ငူဆောင်)က စာတမ်းဖတ်ကြားပြီး ဆရာမ ယမင်းမြတ်အေးရဲ့ ဟောပြောပွဲ၊ အဲဒီနောက် ဆုပေးပွဲ ကျင်းပပြီး ဆရာမဂျူးနဲ့ မြကြာငုံတို့အဖွဲ့ရဲ့ တေးသံသာများနဲ့ ဧည့်ခံဖျော်ဖြေရေးနဲ့ အခမ်းအနားပိတ်ပွဲ အစီအစဉ်ဖြစ်ပါတယ်။ ဂီတမှူး တယောကိုတင်ငွေ၊ စန္ဒရားတင်ကိုကိုတို့ရဲ့ တေးဂီတအဖွဲ့နဲ့အတူ စာရေးဆရာကြီး ဆရာမကြီးများရဲ့ အဆို၊ အက၊ အလှတွေကို ကြည့်ရှုခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

ခင်းကျင်းပြသ

ဧည့်သည်အနုပညာရှင်နိုင်ငံကျော် အဆိုတော်ကြီးတွေဖြစ်တဲ့ အေဝမ်းတင်တင်လှ၊ မောင်သိန်းဝင်း၊ ရန်ပိုင်စိုး၊ ရဲထိုက်၊ မိုးထက်မြင့်၊ မေသက်ထားဆွေတို့ကလည်း တေးသံသာများနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ စာအုပ်ဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချ သွားမှာဖြစ်သလို သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်း၊ ဝန်ကြီးများရုံးရဲ့ရှေ့မှာ MSME လို့ခေါ် တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ဈေးပွဲတော်၊ ဆိုင်ခန်းပေါင်းများစွာကို ခင်းကျင်းပြသ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၉၇ ရာခိုင်နှုန်းနဲ့ အထက်ဟာ MSME လုပ်ငန်းများပဲ ဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေသူတွေလို့ဆိုရင် မမှားပါဘူး။ MSME တွေ အားကောင်းလေလေ နိုင်ငံ့စီးပွား ရေး ခိုင်မာတောင့်တင်းလေလေလို့လည်း နားလည်မိပါတယ်။ ဒါကြောင့် မကွေး MSME တိုင်းဦးစီးမှူးဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်း (မေသံလွင်) ရဲ့ စီစဉ်ပေးမှုနဲ့ ပွဲတော်ရက်သုံးရက်မှာ ဆိုင်ခန်းပေါင်း ၃၅ ခန်း ဖွင့်လှစ် ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။

လာရောက်ပြသကြမယ့် ဆိုင်ခန်းတွေ ကတော့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကဖြစ်ပြီး အမျိုးအမည် စုံလင်ဆန်းပြား များပြားလှပါတယ်။ Genius ဉာဏ်ကြီးရှင်ကော်ဖီ၊ Jumjel သဘာဝစလေ ဆီးသီး+ မန်ကျည်းဖျော်ရည်၊ Natural Beauty အလှကုန်၊ ကောင်းဆက်ဝတီ(ကြယ်ပဲနှင့် လူသုံးကုန်၊ အလှကုန်)၊ ဂဠုန်မင်းညီနောင် မြန်မာ့ရိုးရာ ချည်ထည်၊ ဆရာဘိုင်အို သဘာဝ အော်ဂဲနစ်၊ ဇင်ယော် (လက်တို့ လိုက်ပါ)၊ မြေပဲယို၊ နှမ်းယို၊ ငွေလှဝင်း မြန်မာ့ရိုးရာချည်ထည်၊ စိုးမိသားစု လက်မှုပညာ၊ သဘာဝကမ်းဇော်နှင့် ဆက်စပ်ထုတ်ကုန်၊ တနင်္သာရီနဲ့ကရင်ပြည်နယ် ဒေသထုတ်ကုန်များ၊ ထန်းရွာ (ထန်းသကြား ထုတ်ကုန်)၊ ရွှေရိုးမေတ္တာ စားသောက်ကုန်နဲ့ လူသုံးကုန်၊ Rain Amber Mu Mu ပယင်းရတနာ အချောထည်၊ ဂလိုရီ အော်ဂဲနစ်၊ ရှင်သန်ခြင်း သဘာဝအဆီကျ ပျားသံပရာ၊ မြတ်ပန်းသစ္စာ ရှမ်းရိုးရာချည်ထည်၊ အောင်တော်ဝင် ကျန်းမာရေး အထောက်အကူပြု စားသောက်ကုန်နဲ့ လူသုံး ကုန်၊ ပန်းတနော်မြို့နယ် သင်ဖျာလုပ်ငန်းရှင်များ၊ Super Hero ငှက်သိုက်၊ Shwe Poe Yar (ရွှေပိုး ရာ) ပယင်းထည်များ၊Future Myanmar မြန်မာ့ စားသောက်ကုန်၊ ဒို့ရွှေမြန်မာ တိုင်းရင်းဆေး၊ GA အော်ဂဲနစ်စတဲ့ဆိုင်ခန်းများ ဖြစ်ကြပါတယ်။

ဒါ့အပြင် ကိုရီးယားနိုင်ငံမှ (PRORANCE) အလှကုန်ပစ္စည်းများ၊ AA Medical, 'Wut Hmone' Trading ကုမ္ပဏီ၊ Synchro World Co.Ltd နဲ့ 'လင်းလွန်းခင် စာပေ' တို့ကလည်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲတော်ကို လာရောက်ကြည့်ရှု သူတွေအနေနဲ့ စာပေဟောပြောပွဲတွေ၊ စာပေစကားဝိုင်းတွေကိုလည်း တဝကြီးနားထောင် ရမယ်၊ မိမိလေးစားအားကျရတဲ့ စာရေး ဆရာကြီး ဆရာမကြီးတွေကိုလည်း တစု တဝေးတည်း တွေ့ဆုံမိတ်ဆက်လို့ရတယ်။ သူတို့ ဘာတွေပြောကြမလဲဆိုတာလည်း ရင်ခုန်ခံစားနိုင်ကြမယ်၊ ကာတွန်းဆရာကြီး တွေရဲ့ ကာတွန်းတွေ၊ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတွေ၊ ဓာတ်ပုံပြခန်းတွေကို အားပါး တရ ကြည့်ရှုနိုင်ကြမယ်။ စာရေးဆရာ ဆရာမကြီးတွေရဲ့ ဂီတပွဲတော်ကိုလည်း မည်သူမဆို (အခမဲ့)လာရောက်ကြည့်ရှုနိုင်ကြပါတယ်။

ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးရဲ့ ကျန်းမာရေးဆေးပေးခန်းလည်းအသင့်ရှိတယ်။ တစ်ဆက်တည်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး ရဲ့ ဒေသထွက်ကုန်၊ အော်ဂဲနစ်စားသောက်ကုန်၊ အဝတ်အထည်မျိုးစုံတို့ကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ကြမယ်ဆိုတော့ တစ်ချက်ခုတ်ရင် ဆယ်ချက်၊ အချက်နှစ်ဆယ်လောက်ပြတ်မယ့် အင်မတန်ထူးကဲတဲ့ပွဲတော်ကြီးဖြစ်လို့ မမေ့မလျော့၊ လက်မလွှတ်တမ်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပွဲတော်တည်ရှိရာ သိမ်ဖြူလမ်းကို အရောက်လာကြဖို့ ထပ်မံနှိုးဆော်ရင်း မိုးမိုး အင်းလျားရဲ့ (၇၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေပွဲတော်၊ အနုပညာပွဲတော် နဲ့ ဈေးရောင်းပွဲတော်များအတွက် အကြိုခံစား တင်ပြလိုက်ရပါတော့တယ်။ ။

ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)