မှိုမျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးကြစေရေး ကြိုးပမ်းဆောင်ရွက်

 

 

ဒေါက်တာ တင်မာမာဦး

 

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နှစ်သက်စွာ ချက်ပြုတ် စားသောက်လျက်ရှိနေကြသော မီးဖိုချောင်သုံး သီးနှံများတွင်  မှိုလည်း အပါအဝင် ဖြစ်သည်။ ယခုလို မိုးရာသီကာလတွင် ပေါပေါများများ တွေ့နိုင်သည့် မှိုသည် အရသာရှိသကဲ့သို့ လူကြိုက်များသည့် အစားအစာ တစ်မျိုးလည်းဖြစ်သည်။

 

မှိုအမျိုးအစား များစွာရှိ

 

ကမ္ဘာပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသည့် မှိုအမျိုးအစားများစွာ ရှိသည်။ ရှေးယခင်က သဘာဝအလျောက်အလေ့ကျပေါက်လေ့ရှိသော သဘာဝမှိုများကိုသာ စားသုံးနေခဲ့ ကြရပြီး အချို့သော မှိုအမျိုးအစားများကို စားသုံးမိသည့်အခါ အခန့်မသင့်ပါက မှိုအဆိပ်ဖြစ်၍ အကြောတက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အသက်သေဆုံးသည့်အထိပင် အန္တရာယ်ရှိနိုင်ပါသည်။

 

လူသားများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် စိုက်ပျိုးရေး ပညာရှင်များသည် စားသုံးသင့်သည့်မှိုများကို လေ့လာရွေးချယ်၍ မှိုမျိုးမှုန် (Spore) မှ မျိုးမွေးမြူခြင်း၊ မှိုအသားစမှ မျိုးမွေးမြူခြင်း၊ သီးနှံမျိုးစေ့များ အသုံးပြု၍ မျိုးပွားစာပြုလုပ်၍ မှိုစိုက်ထုပ်ပြုလုပ် စိုက်ပျိုးထုတ်လုပ်ခြင်းများကို စမ်းသပ်မှုသုတေသန လုပ်ငန်းများအဆင့်ဆင့် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမှိုများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးမွေးမြူ ထုတ်လုပ်လာခဲ့ရာ ယနေ့ကာလတွင် စားသုံးသူ ပြည်သူများအနေဖြင့် စိုက်ပျိုးမှိုအမျိုးမျိုးတို့ကို ယုံကြည်စိတ်ချစွာဖြင့် စိုက်ပျိုး စားသုံးလာနိုင်ခဲ့ပြီ ဖြစ်သည်။

 

နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး

 

မှိုအမျိုးမျိုးတို့ကို မိမိတို့ နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ရန်အတွက် မှိုစိုက်ပျိုးနည်းပညာများနှင့် မှိုအမျိုးမျိုးတို့၏ မှိုမျိုး စိုက်ထုပ်များ၊ မွေးမြူခြင်းနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးဆောင်ရွက် လျက်ရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံပြည်သူများ၏ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ရေရှည်တည်မြဲစေမည့် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရန် ဆောင်ရွက်ပေးခြင်းနှင့် ဒေသ ထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် တောင်သူများအား မှိုသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ တိုးတက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မှိုစိုက်ပျိုး ထုတ်လုပ်နည်း သင်တန်းများကို ဖွင့်လှစ်ပို့ချခြင်း၊ ဝန်ထမ်းများနှင့် တောင်သူများကိုယ်တိုင် မှိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ပြင်ဦးလွင်မြို့ရှိ မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း နှင့် ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဝန်ထမ်း ၄၀ အား မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ် နည်း TOT သင်တန်းများ တက်ရောက်စေပြီး တောင်သူများသို့ ထပ်ဆင့်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကလည်း မှိုစိုက်ပျိုး ထုတ်လုပ်ရေး အမှတ်စဉ် ( ၄/ ၂၀၂၂) သင်တန်းကို ၂-၈-၂၀၂၂ ရက်မှ ၄-၈-၂၀၂၂ ရက်အထိ ဖွင့်လှစ် ပို့ချရာ ဌာနဆိုင်ရာ ဝန်ထမ်း ၄၀ နှင့် တောင်သူ ၂၀ တက်ရောက်ခဲ့ကြသည်။

 

မှိုသီးနှံကို မိမိနေထိုင်သည့် အိမ်ဝင်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မိသားစုများ၏ မီးဖိုချောင်ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်း၍ အာဟာရပြည့်ဝသည့် မှိုများကို အချိန်မရွေး လတ်လတ်ဆတ်ဆတ် ခူးဆွတ် စားသုံးနိုင်ခြင်း၊ ပိုလျှံသည်များကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခု ဖန်တီးနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။

 

အစားအစာများကို ရွေးချယ်စားသောက်ရန်လို

 

စိုက်ပျိုးမှိုအမျိုးမျိုးတို့၏ အဓိကထူးခြားချက်မှာ သဘာဝမှိုအချို့နှင့် နှိုင်းယှဉ်လျှင် အရသာအနေဖြင့် ပေါ့သည်ဟုထင်ရသော်လည်း စားသုံးသူလူသားများအတွက် ဘေးအန္တရာယ် လုံးဝကင်းရှင်းခြင်းပင် ဖြစ်သည်။ စိုက်ပျိုးမှိုဖြစ်စေ၊ သဘာဝမှိုဖြစ်စေ စားသုံးနိုင်သောမှို အမျိုးအစားအားလုံး၏ တူညီသည့်အချက်များမှာ လူသားများအား အရသာအနေဖြင့် စွဲလမ်းမှုဖြစ်ပေါ်စေခြင်း၊ အာဟာရဓာတ် ပြည့်ဝစေခြင်းတို့သာမကဘဲ ဗိုင်းရပ်ရောဂါများ ကာကွယ်ပေးခြင်း၊ လူ၏ကိုယ်ခံစွမ်းအား (Immune System) ကို မြှင့်တင်ပေးခြင်းစသည့် အာနိသင် အနည်းအများသာ မှိုအမျိုးအစားအလိုက် ကွာခြားပါ သည်။ ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေချိန်ကာလတွင် မိမိတို့၏ ကိုယ်ခံအားကို မြှင့်တင်နိုင်သည့် အစားအစာများကို ရွေးချယ် စားသောက်ရန် လိုအပ်ရာ မှိုစားသုံးခြင်းဖြင့် လူသားများ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

 

ကောက်ရိုးမှိုသည် အာဟာရတန်ဖိုးမြင့်မားသည့် မှိုတစ်မျိုးဖြစ်

 

မှိုအမျိုးမျိုးရှိသည့်အနက် ငွေနှင်းမှို၊ ကောက်ရိုးမှို နှင့် ကြွက်နားရွက်မှိုများသည် အလွယ်တကူ စိုက်ပျိုးနိုင်သည့် မှိုများဖြစ်ပြီး ငွေနှင်းမှိုကို နေအိမ်တိုက်ခန်းများတွင် လေပြင်းတိုက်ခတ်မှုမရှိဘဲ လေဝင်လေထွက်ကောင်းမွန်၍ တိုက်ရိုက်မပူသော အစိုဓာတ် ကောင်းမွန်သည့် နေရာများတွင် အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ကောက်ရိုးမှိုသည် အာဟာရတန်ဖိုးမြင့်မားသည့် မှိုတစ်မျိုးဖြစ်ပြီး ဒေသတွင်း ပေါများစွာရရှိသော ကောက်ရိုးထုံးများ ဖြင့် နေရာမရွေး အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ကောက်ရိုးရရှိရန် ခက်ခဲသော မိသားစုများအနေဖြင့် ငွေနှင်းမှို၊ ငွေမိုးမှို၊ ကြွက်နားရွက်မှို စသည့်မှိုများကို မိမိအိမ်ရှိ မိုးလုံလေလုံအခန်း၌ စင်ပြုလုပ်၍ သော်လည်းကောင်း၊ ချိတ်ဆွဲ၍သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ ကြွက်နားရွက်မှိုသည် ဗိုင်းရပ်စ် ရောဂါကာကွယ်ခြင်းနှင့် ကိုယ်ခံအားမြှင့်တင်နိုင် သော အာနိသင်များအပြင် သွေးကြောအတွင်း သွေးခဲမှုကို ကာကွယ်ပေးခြင်း၊ နှလုံးရောဂါကို ဟန့်တားနိုင်ခြင်းနှင့် အသားအရည်ကို ချောမွေ့စေခြင်း စသည့်အာနိသင်များလည်း ရှိပါသည်။

 

ဖြန့်ဝေပေးလျက်ရှိ

 

သို့ဖြစ်၍ လူသားတို့အတွက် ယုံကြည်စိတ်ချ စွာ စားသုံးနိုင်ပြီး လူ၏ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော စိုက်ပျိုးမှို အမျိုးမျိုးတို့ကို မိမိတို့ နေအိမ်ခြံဝင်းအတွင်း ကားဂိုဒေါင်အတွင်း၌ ဖြစ်စေ၊ မီးဖိုချောင်အတွင်း၌ဖြစ်စေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ပြီး စားသုံးကြရန်အတွက်မှိုစိုက်ပျိုး နည်းပညာများနှင့် မှိုအမျိုးမျိုးတို့၏ မှိုစိုက်ထုပ်များကို စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ မှိုခြံများမှ ဖြန့်ဝေပေးလျက်ရှိပါသည်။

 

မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အချိန်တိုအတွင်း ဝင်ငွေရရှိသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး မှိုစိုက်ပျိုးသူများအနေဖြင့် မိမိအိမ်ခြံဝင်းအတွင်း မြေနေရာကျဉ်းကျဉ်းတွင် အရင်းအနှီး အသင့်အတင့်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအသွင်မှသည် စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းလည်းဖြစ်သည့်အတွက် မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

 

စီးပွားဖြစ်စိုက်ပျိုး

 

မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်လည်း ဆက်စပ်လျက်ရှိသည်။ လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံ ဘေးထွက်ပစ္စည်းများ၊ စက်မှုစွန့်ပစ်ပစ္စည်းများကို ယခင်က ထယ်ထိုးထွန်မွှေခြင်း၊ မီးရှို့ပစ်ခြင်းများကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အဆိုပါအမှိုက်များကို မှိုမွေးမြူစိုက်ပျိုးရာတွင် ပြန်လည် အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း၊ တောင်သူများအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ မိသားစု အပိုဝင်ငွေရရှိနိုင်စေခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုအဖြစ် မိမိတွင်ရှိသော မြေနေရာကျဉ်းကျဉ်းတွင် မှိုအမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစုအတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေမှသည် စီးပွားဖြစ် လုပ်ငန်းကြီးတစ်ရပ်အဖြစ် တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။