မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်း ဈေးကောင်းရ၍ စိုက်ပျိုးသူတောင်သူများ အဆင်ပြေ

မိုးနဲ   နိုဝင်ဘာ   ၂၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် အစေ့ထုတ် ပြောင်းများ စျေးကောင်းရရှိသဖြင့် အစေ့ထုတ်ပြောင်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

 

အစေ့ထုတ်ပြောင်းသီးနှံမျိုးကို CP-808 အထွက်ကောင်းမျိုးကို ရွေးချယ်ကာ ဇွန်လမှစ၍ စိုက်ပျိုးပြီး အပင်အရွယ်အစားအလိုက် ပေါင်းလိုက်ခြင်း၊ အပွင့်မပွင့်မီနှင့် အပွင့်ပွင့်ချိန်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးများ ပက်ဖျန်းရကြောင်း၊ စတင် စိုက်ပျိုးချိန်မှ (၄)လကျော်ပါက စတင်ခူးဆွတ်ခြင်း၊ အစေ့ခြွေခြင်း၊ နေလှန်းအခြောက်ခံ ခြင်းများ ပြုလုပ်ပြီးပါက ရောင်းချရကြောင်း၊  ဒီနေ့ပေါက်ဈေးအနေဖြင့် အစေ့ထုတ် ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၉၂၀ ကျပ်နှင့် ရောင်းချရသဖြင့် စိုက်ပျိုးစရိတ်သွင်းအားစု ကုန်ကျမှုများသော်လည်း မိသားစုအတွက် အဆင်ပြေကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ 

 

မိုးနဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် အစေ့ထုတ်ပြောင်း စုစုပေါင်း ၂၃၂၂၅ ဧကကို ဒေသခံတောင်သူများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)