မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ (၂၁)ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၁၀ ဇူလိုင် 

 

မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်းအဖွဲ့၏ (၂၁)ကြိမ်မြောက် ပုံမှန်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက  နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး UNICEF (Myanmar) မှ Child Protection Specialist Ms. Cecile Marchand မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

 

jfr

 

ညွှန်ကြားရေးမှူးချုပ်က မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းများဖြစ်သော အသိပညာပေးရေး သင်တန်းများပေးခြင်း၊ သတင်းဖြန့်ဝေခြင်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ်မှစတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော KAP Survey အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုင်းအန္တရာယ်နှင့် ပတ်သက်သော အသိပညာရပ်များ နည်းပါးလျက်ရှိနေသေးကြောင်း တွေ့ရှိရပါကြောင်း။

 

ယခုအခါ ဒေသဆိုင်ရာ လိုအပ်ချက်များအရ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာ ပေးရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး သင်တန်းများ၊ ထောက်ပံ့မှုပေးခြင်းများကို ယခင်ထက် ကျယ်ပြန့်စွာ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်လာနိုင်ခဲ့ပါကြောင်း၊ (၄)လတစ်ကြိမ် အစည်းအဝေးများကို အလေးထားကျင်းပနိုင်ခြင်းကြောင့် မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်များစိုက်ထူရန် ပြင်ဆင်မှုပေးနိုင်ခြင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ဖော်ပြပေးနိုင်ရန် စီစဉ်နိုင်ခြင်း၊ မိုင်းအန္တရာယ် အသိပညာပေးရေးသင်တန်းများကို ယခင်ကထက် ပိုမိုကျင်းပဆောင်ရွက်ပေးနိုင်ခြင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၏ အချို့နေရာများတွင် Non-Technical Survey ကို ကောက်ယူနိုင်ခဲ့ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အခန်းကဏ္ဍ(၆)ခုပါဝင်သော Strategic Plan ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ထိုစီမံကိန်း၏ ကဏ္ဍ(၆)ခုမှာ (၁) Inter-Agency and Inter-ministerial Cooperation (၂) ထိခိုက်ခံစားရသူများအား အကူအညီအထောက်အပံ့ပေးခြင်း (Victim Assistance)၊ (၃) မြေယာပြန်လည်ထုတ်ဖော်ခြင်း (Land Release Activities)၊ (၄) တိုက်တွန်း နှိုးဆော်ခြင်း (Advocacy)၊ (၅) သတင်းအချက်အလက်စီမံခန့်ခွဲခြင်း (Information Management) ၊ (၆) မိုင်းအန္တရာယ် အသိပညာပေးခြင်း (Mine Risk Education and Survey) တို့ဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းသည် မိုင်းထိသူများနှင့် ဒဏ်ရာရှိသူများကိုလည်း လျှော့ချပေးစေပါကြောင်း၊ ကုန်ကျစရိတ်များ သက်သာမှုရှိကြောင်း ရှင်းလင်းပြောကြားသည်။ 

 

အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ UNICEF, INGOs နှင့် NGOs အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် မိုင်းအန္တရာယ်အသိပညာပေးနှင့် မိုင်းအရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်