မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မိုင်းဆတ် နိုဝင်ဘာ ၁၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး  ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂)ဦးကို သတ်မှတ်စုရပ် နေရာ(၁၆)နေရာတွင် စတင်ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်နေ့တွင် အ.ထ.ကခွဲ (လ-၁)၊ အ.ထ.က မိုင်းခုတ်နှင့် အ.လ.က မိုင်းနင်းကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်(မိုင်းဆတ်)